စီးတီးကနေ မထွက်ခွာဘဲ တောင့်ခံခဲ့တဲ့ ကယ်ဗင်ဖီးလစ် ကို ဂွာဒီယိုလာ အခွင့်အရေး ပေးပါတော့မယ်

အင်္ဂလန် ကွင်းလယ် ကစားသမား ကယ်လ်ဗင်ဖီးလစ်ဟာ ဒီနွေရာသီမှာ အငှားထွက်ခွင့်ကို ပယ်ချခဲ့တာဖြစ်တယ်လို့ နည်းပြ ပက် ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီရာသီတွင် အသင်းမှာ ဖီးလစ် ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ ၎င်းက ပြောကြားထားပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ၂၀၂၂ နွေရာသီတွင်ပေါင် ၄၅ သန်းဖြင့် ရောက်လာခဲ့ပြီးနောက် ပထမဆုံး ရာသီမှာပင် ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားဟာ မန်စီးတီးအတွက် ကစားပေးချင်နေပြီး ဆုဖလား ၃ လုံး ရရှိခဲ့တဲ့အသင်းမှာ ဆက်နေချင်သေးကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ပွဲကစားချိန်ပိုရရှိဖို့အတွက် ကလပ်ကနေ ထွက်ခွာခွင့်ကို ဖီးလစ်က ပယ်ချခဲ့ကြောင်း ဂွာဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။
“ပွဲကစားချိန်များများမရရှိတာကြောင့် အငှားထွက်ကစားဖို့အတွက် သူအပါအဝင် ကလပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ ပါတယ်။ ဒါပေမယ့် သူက အသင်းမှာ ဆက်နေချင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။”
“အရာရာကို လက်ခံပြီး ဆက်နေခဲ့တဲ့ ကစားသမားကောင်းတစ်ဦးအနေနဲ့ ကြိုဆိုပါတယ်။ အပြောင်းအရွှေ့ ပြီးတဲ့အခါ ဒီမှာ ကစားသမားတိုင်းက မိသားစုရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ကူညီလုပ်ဆောင်ပေးသွားမှာပါ” လို့ ဂွါဒီယိုလာက ပြောပါတယ်။
ဖီးလစ်ဟာ မန်စီးတီးရဲ့ ၂၀၂၃-၂၄ ရာသီ ဖူလ်ဟမ်အား ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ကြိမ်သာ ပါဝင်ကစားခဲ့ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်က စကော့တလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းမှာ ဖီးလစ်က မိနစ် ၉၀ ပြည့်ကစားခဲ့ပြီး အင်္ဂလန်အတွက် သူ့ရဲ့ကစားပုံကို သဘောကျကြောင်း ဂွါဒီယိုလာကပြောကြားခဲ့ပါတယ်။
“ပထမဆုံးပြောချင်တာကတော့ သူကစားခဲ့တဲ့ ပွဲအတွက် တကယ်ကို ကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက တော်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အကြိမ်ပေါင်းများစွာ ကျွန်တော်ပြောခဲ့သလို ဒီလိုကစားသမားတွေနဲ့ လက်တွဲရတာကို နှစ်သက်မိပါတယ်”
“အရင်က သူဟာ ပွဲကစားချိန်များများမရှိခဲ့ပါဘူး၊ ဘာဖြစ်မယ်ဆိုတာ ကျွန်တော်လည်း မသိပေမယ့် ဒီစွမ်းဆောင်ရည် ကောင်းတွေ ပိုင်ဆိုင်ဖို့က သူ့အတွက်ရော ကျွန်တော့်အတွက်ပါ အရေးကြီးပါတယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းမှာ လက်ရှိအချိန်တွင် ကွင်းလယ်ကစားသမား ဒီဘရိုင်း၊ ကိုဗာဆစ်နဲ့ ဂရီးလစ်ချ်တို့က ဒဏ်ရာကြောင့် နားနေရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒဏ်ရာပြဿနာတွေက ဖီးလစ်အတွက် အခွင့်အရေးရနိုင်ပြီး နည်းပြက ကစားပေးဖို့တောင်းဆိုခဲ့မယ်ဆိုရင် အဆင်သင့်ဖြစ်ဖို့လိုတယ်လို့လည်း ဂွါဒီယိုလာက ပြောခဲ့ပါတယ်။