ချယ်ဆီး လူစုံရင် မန်စီးတီး၊ အာကြီးတို့နဲ့ ကောင်းကောင်း ယှဉ်နိုင်တယ် လို့ ဇွတ်တင်ပြောလာတဲ့ ပိုချက်တီနို

ချယ်ဆီးအသင်း နည်းပြ ပိုချက်တီနိုကတော့ သူ့ အသင်းမှာ ရလဒ် မကောင်းတာဟာ ဒဏ်ရာရ ကစားသမားတွေ များနေပြီး လူမစုံသေးလို့ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဒီအပတ် ဘုန်းမောက်နဲ့ ပွဲမတိုင်ခင်ကလည်း သူ့မှာ ပွဲထွက်ဖို့ လူမရှိဘူး ပြောခဲ့သလို ထိုပွဲကလည်း ဂိုးမရှိ သရေ ရလဒ်နဲ့သာ ပြီးခဲ့တာပါ။ ပိုချက်တီနိုကတော့ သူ့အသင်းသာ လူစုံရင် မန်စီးတီး၊ အာဆင်နယ်တို့လို အသင်းတွေကိုပါ အနိုင် ကန်နိုင်တယ်လို့ အခိုင်အမာ ပြောဆိုလာပါတယ်။

” ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး မပါနိုင်ဘူး။ အားလုံး အတူတကွ ရှိနေရင်တော့ ကျွန်တော်တို့ အသင်းက တောင့်တင်းပါလိမ့်မယ်။

အဲဒီကျရင် မန်ချက်စတာစီးတီး၊ အာဆင်နယ် တို့ကိုရော အသင်းအားလုံးကိုပါ ပုံမှန် အနေအထား၊ အသင်း ကြံ့ခိုင်မှု ပြည့်နေရင် ချယ်ဆီးက ယှဉ်နိုင်ပါတယ်။

အခု ကျွန်တော်တို့ ဘာလို့ မတူနိုင်ဘူး ဖြစ်နေရတာလဲ၊ ဘာလို့လဲ ? ဒီရာသီ စတည်းက ကျွန်တော်တို့မှာ အသင်းက အင်ပြည့် အားပြည့် လူစာရင်း အပြည့် မရသေးဘူး။

ဒီတော့ ကျွန်တော်တို့က ဘာလုပ်လို့ရမှာလဲ။ ကျွန်တော့်မှာ ပြောစရာ မရှိဘူးဗျ။ ပရိသတ်တွေ အနေနဲ့ သူတို့ လုပ်ချင်တာ လုပ်နိုင်တယ်။ ကျွန်တော်တို့ကလည်း ကိုယ် ဘာလုပ်ရမယ် ဆိုတာ ကိုယ့်ဘာသာ သိတယ်။ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် ခိုင်မာပါတယ်။

အခုကတော့ ကျွန်တော်တို့ ကံကို မကောင်းတာပါ။ ဒီ ဘုန်းမောက်နဲ့ပွဲ ဆို ဒဏ်ရာ ရ ၁၂ ယောက် ရှိတယ်။ ကျွန်တော်တို့ လူငယ် ၃-၄ ယောက် ထည့်ရတယ်၊ အရန်ခုံမှာ ဂိုးသမား ၂ယောက်တောင် ပါလာတယ်။

ဟုတ်ပြီ၊ ဒီတော့ ကျွန်တော် ငိုချရတော့မလား၊ စောဒက တက်ရမလား။ ကျွန်တော် ဒါကို လက်ခံဖို့ပဲ ရှိတယ်။ ဆက် စိန်ခေါ်ပြီး အကောင်းမြင်သွားဖို့ပဲ။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။