အိမ်ကွင်းမှာ ဂိုးအရင်ပေးပြီးမှ နောက်က လိုက် ကစား၊ အနိုင်ယူပြန်တဲ့ မန်စီးတီးရဲ့ ရက်စတားနဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အကြောင်း
မန်ချက်စတာစီးတီးအသင်း က မနေ့ညက ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အဖြစ် ဆားဘီးယားကလပ် ရက်ဒ်စတား ဘဲလ်ဂရိတ်ဒ် (ခေါ်) ကာဗီနာ ဇဗက်ဇဒါ ကို အီတီဟက်မှာ ဧည့်ခံ ခဲ့ရာ ၃-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ အာကေနဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ မက်သီယူးစ် နူးနက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ဟားလန်းက အခွင့်အရေးတွေကို ဖြုန်းတီးခဲ့သလို မန်စီးတီးတစ်သင်းလုံးကလည်း ထူးမခြားနားပဲဖြစ်နေခဲ့ပြီး ဂိုးပေါက် ၂၂ ကြိမ် ကန်သွင်းရာမှာ ၇ ကြိမ်တည့်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ပါဘူး။
အဲဒီအချိန်မှာ ရက်ဒ်စတားတို့ကတော့ ပွဲချိန် ၄၅ မိနစ်မှာ ကွင်းလယ်ကနေ အီဗန်နစ်ချ်ရဲ့ အလျင်အမြန် ဖန်တီးမှုကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ဘူခါရီက အီဒါဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ဂိုးအဖြစ်ပြောင်းလဲသွားခဲ့တာပါ။
ရက်ဒ်စတားတို့အနေနဲ့ တစ်ကြိမ်ပဲ အခွင့်အရေးရခဲ့တဲ့ ပထမပိုင်းမှာ တစ်ဂိုးသွင်းယူပြီး မန်စီးတီးတို့ကို ဦးဆောင်နိုင် ခဲ့တာကြောင့် အိမ်ရှင်တွေ မျက်နှာပျက်စရာဖြစ်ခဲ့ရပြီး နောက်က လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဆွဲတက်လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်က ဟားလန်းနဲ့ တွဲလုံးကနေ ဧရိယာထဲ ဝင်ရောက်ပြီး ထောင့်ကျဉ်း အနေအထားကနေ ခပ်ပျော့ပျော့သာ ကန်သွင်းကာ ဂိုးဝင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာတော့ မန်စီးတီးတို့ အိမ်ကွင်းမှာ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ နူးနက်စ်ကို ဆွဲလှဲခံခဲ့ရလို့ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ အယ်လ်ဗာရက်ဇ်က အဝေးတိုင် ညာဘက်ထောင့်ကို ဖြတ်တင်ပေးခဲ့ရာမှာ ရက်ဒ်စတားဂိုးသမား ဂလေဇာ ပုတ်ထုတ်ဖို့ ကြိုးစားတာက လက်နဲ့ ရှပ်ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ မန်စီးတီးတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့တဲ့ တိုက်စစ်သမားတွေကို မျက်ခြေမပြတ် လိုက်ကပ်နေပေမယ့် ရိုဒရီ ဘောလုံးရသွားချိန်မှာ ကွင်းလယ်အဖျက်သမားဖြစ်လို့ ဂိုးသွင်းနိုင်ခြေ နည်းတယ်လို့ လျှော့တွက်ခဲ့တဲ့ ရက်ဒ်စတားတွေကို စပိန်သားက ဧရိယာထဲအထိ ဝင်ရောက်ပြီးမှ လှလှပပ အနိမ့်ဘောကန်သွင်းယူပြခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီး က ရက်ဒ်စတား ဘဲလ်ဂရိတ်ဒ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ပဲ ကျေနပ် အနိုင်ရ ခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု G မှာ RB လိုက်ပ်ဇစ်တို့နဲ့ ရလဒ်တူညီခဲ့ပေမယ့် နာမည် အက္ခရာစဉ်ကြောင့် ဂျာမန်သားတွေကို ပထမ နေရာကနေ ရပ်တည်ခွင့်ပေးလိုက်ရပြီး လာမယ့်ပွဲတွေကျမှ အုပ်စု ပထမနေရာကို ရယူဖို့ ဖြစ်လာနိုင်ကြောင်း လည်း ဖော်ပြလိုက်ရပါတယ်။
