ဒီအပတ် လူမစုံတဲ့ မန်စီးတီးက ဖောရက်စ်ကို ဘယ်နှဂိုးသွင်းနိုင်မလဲ ခရစ်ဆက်တန် ကြိုတင် ခန့်မှန်းလိုက်ပါပြီ

ဘီဘီစီ မှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ဒီအပတ် မန်စီးတီးနဲ့ နော်တင်ဟမ် ဖောရက်စ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာပါပြီ။
ပွဲကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန် စီးတီးတို့ရဲ့ အီတီဟက် ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
ခရစ်ဆက်တန်က ” မန်ချက်စတာ စီးတီးရဲ့ လူစာရင်းက ဒဏ်ရာတွေကြောင့် ကွင်းထဲမှာ တကယ်တော့ နည်းပါးနေပါပြီ။ ဒါပေမယ့် ဒါက ပက် အတွက်တော့ ပွဲထွက် လူစာရင်း ရွေးဖို့တော့ နည်းနည်း ပိုလွယ်သွားပါမယ်။
ကျွန်တော့်ရဲ့ ဖန်တက်စီ အသင်းမှာ ဘယ်လ်ဂျီယံ တောင်ပံသမား ဂျယ်ရီမီ ဒိုကူ ကို ထည့်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝက်စ်ဟမ်းနဲ့ ပွဲရယ်၊ ရက်စတားနဲ့ ပွဲရယ်က သူ့ခြေစွမ်းကိုမြင်ပြီး အတော် သဘောကျနေမိတယ်။ သူက ဒီတပတ် ပွဲမှာလည်း သေချာပေါက် ပါဝင်ခွင့် ရမှာပါ။
စီးတီးက အဲဒီပွဲတွေမှာ ဂိုးအရင်ချည်း ပေးခဲ့ရတာ ဖြစ်ပေမယ့် သူတို့ ပြာယာခတ်မနေဘူး။ သူတို့က အခွင့်အရေးတွေ ဖန်တီးရာမှာ အညှာအတာ မရှိ ထက်မြက်သူတွေ ဖြစ်ပြီး ဂိုးတွေက အမြဲ ရလာတာချည်းပါပဲ။
ပြီးခဲ့တဲ့ နှစ်ပွဲလုံး အာလင်း ဟာလန်းက အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ဒီစနေမှာတော့ သူ ဂိုးသွင်းလောက်ပါပြီ။ သူ့နောက်မှာ ကစားနေတဲ့ ဂျူလီယန် အဲဗာရက်စ်ကိုလည်း လုံးဝ အထင်ကြီးမိတယ်။ သူက တကယ်ကို ပါးနပ်ပြီး ထိန်းရခက်တဲ့ ကစားသမားပါ။
နော်တင်ဟမ် ဖောရက်စ်ရဲ့ ပြီးခဲ့တဲ့ရာသီ အဝေးကွင်း ရလဒ်တွေက ဆိုးဝါးချက်ပဲ။ ဒါပေမယ့် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်က စတန်းဖို့ဘရစ်ချ်မှာ သူတို့ နိုင်ထားတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ကိုလည်း ပြီးခဲ့တဲ့ လက ကောင်းကောင်း ယှဉ် ကစားခဲ့တယ်။
ဒါပေမယ့် ဒီတပတ် ပွဲမှာတော့ သူတို့ များများစားစား လုပ်နိုင်စရာ မရှိဘူး။ ပြီးခဲ့တဲ့ အခေါက် အီတီဟက်ကို ဖောရက်စ် လာတုန်းက ဟာလန်းက ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းထားပြီးပြီ။ ဒီတကြိမ် အဲလောက်ထိ မဟုတ်လောက် ပေမယ့် စီးတီးကတော့ ပုံမှန်အတိုင်း လုပ်ပြဦးမှာပါ။” လို့ သုံးသပ်ထားပါတယ်။
ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၄-ဝ နော်တင်ဟမ် ဖောရက်စ် ဖြစ်ပါတယ်။