လီဗာပူး နည်းတူ မဲပေးစနစ် သုံးလာတဲ့ မန်စီးတီးရဲ့ ရွေးချယ်မှု အပေါ် နည်းပြ ပက် ထုတ်ဖော် ရှင်းပြ

အသင်းခေါင်းဆောင် ဂွမ်ဒိုဂန် ဒီနွေမှာ ဘာစီလိုနာကို ထွက်ခွာသွားတဲ့နောက် မန်စီးတီးအသင်းရဲ့ ခေါင်းဆောင်ပိုင်းဟာ အပြောင်းအလဲ ဖြစ်လာခဲ့ပြန်ပါတယ်။

မန်စီးတီးရဲ့ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ကွန်ပနီ၊ ဖာနန်ဒင်ဟို၊ ဒေးဗစ်ဆေးဗား၊ အဂွယ်ရိုတို့ ဆက်တိုက် ထွက်ခွာသွားကြတဲ့နောက် ဂွာဒီယိုလာ လက်အောက်မှာ တောက်ပခဲ့တဲ့ ဂွမ်ဒိုဂန်ကလည်း ထွက်ခွာခဲ့တာပါ။

ဂွာဒီယိုလာက အသင်းခေါင်းဆောင်ကို အဝတ်လဲခန်းကနေ ရွေးထုတ်ဖို့ ခွင့်ပြုထားသလို သူတို့ကို ဦးဆောင်ဖို့ ခေါင်းဆောင် အဖွဲ့ကိုလည်း ကစားသမားတွေကပဲ မဲပေး ရွေးချယ်ခွင့်ရထားတာ ဖြစ်ပါတယ်။

ဒီလို မဲပေးစနစ်မျိုး ပရီးမီးယားလိဂ်ကလပ် လီဗာပူးမှာလည်း မြင်ထားရပါတယ်။

ဒီရာသီမှာတော့ ဂွမ်ဒိုဂန်နေရာ ဘာနာဒို ဆေးဗား ဝင်လာတာကလွဲလို့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ မရှိပါဘူး။ ဒါပေမယ့်လို့ မန်စီးတီးကနေ ထွက်ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ ဘာနာဒိုကို ခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ် မမြင်လိုတဲ့ စီးတီးပရိသတ်တွေ ရှိနေခဲ့တာပါ။

ဂွာဒီယိုလာကတော့ “ ဒီမိုကရေစီ နည်းလမ်းကျကျပါပဲ၊ အသင်းသားတွေအားလုံး မဲပေးတယ်၊ သူတို့အတွက် ဘယ်သူတွေ ကိုယ်စားပြုပေးမလဲ ရွေးထုတ်ကြတယ်။ ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာနာဒိုကလည်း အရေးပါတဲ့သူဖြစ်ပြီး နှစ်တိုင်းမှာ ရှေ့ကို ထွက်လာတဲ့သူပါ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

မန်စီးတီးရဲ့ ခေါင်းဆောင် ၅ ဦးကတော့ ဝေါ်ကာ၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဒီယက်စ်နဲ့ ဘာနာဒိုဆေးဗားတို့ပဲ ဖြစ်ပါတယ်။