မန်စီးတီး နိုင်တာ သတင်းထူး မဟုတ်တော့ပေမယ့် ပက် အတွက် ခေါင်းကိုက်စရာ ကိစ္စတော့ ဖောရက်စ်နဲ့ ပွဲမှာ ရှိလာပါပြီ

မန်စီးတီးဟာ ဒီစနေနေ့ည နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဧည့်သည်အသင်းအား ၂-၀ ဖြင့် အနိုင်ရပြီး ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းကောင်းကို ဆက်ထိန်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းမှာ ရာသီစ အဖွင့် ၆ ပွဲလုံးကို အနိုင်ရဖူးတဲ့ အသင်း ၄ သင်းပဲ ရှိပြီး စီးတီးဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ နောက်ပိုင်း ဒုတိယအကြိမ် အဖွင့် ၆ ပွဲလုံးကို အနိုင်ရခြင်း အဖြစ် မှတ်တမ်းဝင် သွားပါတယ်။

ဒီည ပွဲမှာ ပထမပိုင်းမှာ ဖိုဒန်က အတော်လေး ကောင်းတဲ့ အသင်းလိုက် သွင်းဂိုး ရယူခဲ့ပြီး ဟာလန်းကလည်း ဒီရာသီ ၈ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုး သွင်းယူခဲ့ကာ စီးတီးတို့ အတော်လေး ဂိုးပြတ်မယ့်ပွဲလို့ ထင်မြင်စရာ ရှိခဲ့ပါတယ်။ စီးတီးဟာ သက်သောင့်သက်သာနဲ့ ဖောရက်စ်ကို ဦးဆောင်ခဲ့တာပါ။

ဒါပေမယ့်လို့ ဒုတိယပိုင်း အစမှာတင် ရိုဒရီက ဖောရက်စ် ကစားသမားကို Foul ခဲ့မိတာမို့ အပြုအမှုပိုင်းအရ တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါကြောင့် ရိုဒရီ ဟာ နယူးကာဆယ် (ကာရာဘောင်း)၊ ဝုဗ်နဲ့ အာဆင်နယ် ပွဲစဉ်တွေကို လွဲချော်သွားမှာပါ။ ဒီရာသီမှာ စီးတီးရဲ့ အဓိက ပြိုင်ဘက်က အာဆင်နယ် ဖြစ်လာမယ် ခန့်မှန်းထားရပြီး ဒီပွဲအတွက် အသင်းသား အချို့ကို သုံးနိုင်ဖွယ် မရှိပါဘူး။

မန်စီးတီး ကွင်းလယ်မှာ ဒီဘရိုင်းနဲ့ ဘာနာဒိုတို့ ကြံ့ခိုင်မှု ပြဿနာ ရှိနေချိန် ရိုဒရီကို လက်လွတ်ရမှာက နည်းပြ ပက် ဂွာဒီယိုလာအတွက် ခေါင်းခဲစရာ ကိစ္စ ဖြစ်လာနိုင်ပါတယ်။

ဖောရက်စ်ကို ရင်ဆိုင်ရတဲ့ ဒုတိယပိုင်းမှာ စီးတီးဟာ ခံစစ်ကို အတော်လေး အာရုံစိုက် ကာကွယ်ခဲ့ရပါတယ်။ တစ်ယောက်လျော့ ၄၅ မိနစ် လောက် ကစားရပေမယ့် စီးတီးဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ခြေစွမ်းဖြင့် ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ ဒီရာသီ ၆ ပွဲ ကစား ၆ ပွဲနိုင်နဲ့ ရာနှုန်းပြည့် နိုင်ပွဲဆက် ရနေခြင်းဖြစ်ကာ ဒုတိယနေရာက စပါးနဲ့ တတိယနေရာက လီဗာပူးတို့ကို ၅ မှတ် ဖြတ်ထားခဲ့ပြီ ဖြစ်ပါတယ်။