ရိုဒရီ လုပ်ရပ်အပေါ် စိတ်တိုနေပြီး အကောင်းဆုံး ကွင်းလယ် မဟုတ်တော့ဘူး ပြောဆိုသွားတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ မနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို ၂-ဝ နဲ့ နိုင်ပွဲ ရခဲ့ပေမယ့် ကွင်းလယ် ကစားသမား ရိုဒရီ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းမှာ ရိုဒရီ က ဘောလုံးလုရင်း ဖောရက်စ်ကွင်းလယ်လူ ဂစ်ဘ်စ်-ဝှိုက်ကို လည်မျိုဆောင့်တွန်းခဲ့တဲ့ အတွက် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရသလို မန်စီးတီးတို့ ပွဲချိန်တဝက်ကို ၁၀ ယောက်နဲ့ ကစားဖို့ဖြစ်ခဲ့ရပါတယ်။

တကယ်လို့ ရိုဒရီ သုံးပွဲပယ်ခံရမယ်ဆိုရင်တော့ အာဆင်နယ်နဲ့ အရေးကြီးတဲ့ အဝေးကွင်း ပွဲစဉ်ကို လွဲချော်ဖို့လည်း ရှိနေခဲ့ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကလည်း ရိုဒရီရဲ့ အပြုအမူအတွက် အတော် စိတ်ပျက်နေပြီး ပွဲအပြီးမှာ အခုလို ပြောဆိုခဲ့ပါတယ်။

ပက်ဂွာဒီယိုလာ က “ ကျွန်တော် ရိုဒရီနဲ့ ပတ်သက်ပြီးတော့ ဒေါသထွက်မိပါတယ်၊ ရိုဒရီအနေနဲ့ သူ့ဒေါသ
သူထိန်းရပါမယ်၊ ဒီနေ့ပွဲစဉ်မှာ ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမား မဟုတ်ခဲ့ပါဘူး၊ ဒီဖြစ်ရပ်ကနေ ရိုဒရီအနေနဲ့ သင်ယူမယ်လို့ မျှော်လင့်ပါတယ် “ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီ ဟာ တိုက်ရိုက် အနီထိတာကြောင့် နယူးကာဆယ် (ကာရာဘောင်း)၊ ဝုဗ်နဲ့ အာဆင်နယ် ပွဲစဉ်တွေကို လွဲချော်သွားဖွယ် ရှိနေပါတယ်။

ဒီရာသီမှာ စီးတီးရဲ့ အဓိက ပြိုင်ဘက်က အာဆင်နယ် ဖြစ်လာမယ် ခန့်မှန်းထားရပြီး ဒီပွဲအတွက် အသင်းသား အချို့ကို သုံးနိုင်ဖွယ် မရှိတာက ထိုးနှက်ချက်ကြီး ဖြစ်နေပါတယ်။