ဒိုင်လူကြီး အန်တိုနီ တေလာ လုပ်လို့ ပွဲက ဗရမ်းဗတာတွေ ဖြစ်ခဲ့ရကြောင်း ပက် ဂွာဒီယိုလာ စောဒကတက် ပြောဆို
မနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရိုဒရီ အနီကတ်ပြထုတ်ပယ်ခံရခြင်းအတွက် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ဒေါသအိုးပေါက်ကွဲခဲ့ပြီး ကွင်းလယ်ဒိုင်အန်တိုနီတေလာအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။
အခုရာသီပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ မန်စီးတီးတို့ဟာ ဒုတိယပိုင်းပွဲချိန်တွေအတွင်း လက်ကျန်ကစားသမား ၁၀ယောက်ဖြင့် ပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကို ယှဉ်ပြိုင်ခဲ့ရပါတယ်။
စပိန်လက်ရွေးစင်ကစားသမားက ဒုတိယပိုင်းစတင်လာချိန်မှာပဲ ပြိုင်ဘက်ကစားသမား ဂစ်ဝှိုက်အပေါ် အားကစားသမား မပီသတဲ့ အပြုအမူကျူးလွန်ခဲ့တယ် ဆိုပြီး အနီကတ်ပြသခံခဲ့ရတာပါ။ အခုပြစ်ဒဏ်ကြောင့် ရိုဒရီဟာ အောက်တိုဘာ ၈ ရက်မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားရမယ့် အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ်အပါအဝင် ပွဲစဉ်သုံးခုကို လွဲချော်ရဖို့ ရှိလာခဲ့ပါတယ်။
အခုပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်အန်တိုနီတေလာက ရိုဒရီကို အနီကတ်ပြသခဲ့တာအပြင် နော်တင်ဟမ်ဖောရက်စ် ကစားသမား ခုနစ်ဦးနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာတို့ကိုလည်း အဝါကတ်ပြသခဲ့ပါတယ်။

“အခုပွဲစဉ်ရဲ့ ပထမပိုင်း ၃၅ မိနစ်လောက်ဟာ နှစ်သင်းလုံးအတွက် မယုံနိုင်လောက်အောင် ပြီးပြည့်စုံခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဗရမ်းဗတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ တာဝန်တော့ မဟုတ်ပါဘူး။ သေချာပါတယ်။
အဝါကတ်တွေပြသခံရမှုက နော်တင်ဟမ်ဖောရက်စ် (သို့မဟုတ်) မန်စီးတီးရဲ့တာဝန် မဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။ ကွင်းလယ်ဒိုင်ကပဲ ပွဲကို အလှည့်အပြောင်း လုပ်ပစ်ခဲ့တာပါ” လို့ ပက်ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်လို့ ရိုဒရီက အသင်းဖော်တွေကို တောင်းပန်ခဲ့တယ်လို့ ပက်ကပြောပါတယ်။
ပက်ဂွါဒီယိုလာက “ရိုဒရီသင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ရိုဒရီက မိမိကိုယ်ကိုနဲ့ မိမိစိတ်ခံစားမှုကို ထိန်းသိမ်းနိုင်စွမ်းရှိခဲ့ရပါမယ်။ ကျွန်တော်က အဝါကတ်အပြခံလို့ရပေမယ့် ရိုဒရီကတော့ မရပါဘူး။ အမြဲတမ်း လိုက်ကြည့် အာရုံစိုက်ပေးနေရမယ့် ကစားသမားမျိုးနဲ့တော့ ကျွန်တော် ပွဲစဉ်တွေကို မကစားနိုင်ပါဘူး။
ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ရပါမယ်။ ကစားသမား ၁၀ ဦးကျန် အနေအထားနဲ့ကစားရတာကို မကြိုက်လို့ ကျွန်တော် ဒေါသထွက်မိပါတယ်။
ပထမပိုင်းပြီးခါနီး ၁၀ မိနစ်လောက်အလိုမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် ပထမပိုင်းအပြီးမှာ ဂရုတစိုက် ကစားကြဖို့ ကစားသမားတွေကို ကျွန်တော် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထောင်ချောက်ထဲ တိုးဝင်မိခဲ့ပါတယ်” လို့ ဆက်ပြောခဲ့ပါတယ်။
