ရိုဒရီ ရဲ့ အနီကတ် နောက်ဆက်တွဲ ပွဲပယ်တွေကို လျှော့ချဖို့ မန်စီးတီး အယူခံ ဝင်ဦးမှာလား

မန်ချက်စတာ စီးတီး အသင်းမှာ ဒဏ်ရာ ရ ကစားသမားတွေ တိုးလာချိန်မှာပဲ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ရိုဒရီကလည်း ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ၃ ပွဲအထိ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

ရိုဒရီ ဟာ ပွဲချိန်အတွင်း ရှက်ဖီးလ်ကစားသမား မော်ဂန်ဂစ်ဘ်စ်ဝှုက်ကို လည်ပင်းညှစ်ခဲ့တာဖြစ်ပြီး ချက်ချင်း အထုတ် ခံခဲ့ရသော်လည်း မန်စီးတီးကတော့ ၂-၀ နဲ့အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရိုဒရီဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပါဝင်လာမှာမဟုတ်ဘဲ စနေနေ့မှာ ကစားမယ့် ဝုဗ်နဲ့ပွဲစဉ်၊ အောက်တိုဘာ ၈ ရက်နေ့မှာကစားမယ့် အာဆင်နယ်နဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက အသင်းရဲ့အရေးပါတဲ့ကစားသမား ရိုဒရီကို တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ပေမယ့် အသင်းကတော့ အဆိုပါပြစ်ဒဏ်ကို အယူခံဝင်ဖို့မရှိဘူးလို့ဆိုပါတယ်။

ဂွါဒီယိုလာက “ကျွန်တော် အသင်းနဲ့ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီပြစ်ဒဏ်ကို ပြောင်းလဲနိုင်ဖို့ အယူခံဝင်မှာမဟုတ်ပါဘူး။ ဒါကကျွန်တော့်အတွက် ၃ ပွဲမက နစ်နာနိုင်ပေမယ့် စည်းကမ်းက စည်းကမ်းပါပဲ။ ဒီအတွေ့အကြုံကနေ သူ သင်ယူရပါမယ်။ ဒါမျိုးထပ်မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ ရိုဒီရီကြောင့် ၎င်းရဲ့နေရာမှာအစားဝင်မယ့် အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်အတွက် ပွဲထွက်ခွင့်ရရှိဖို့အခွင့်အရေးရလာခဲ့ပြီး ကစားသမားဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ လိဒ်ယူနိုက်တက်မှ အီတီဟတ်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲစဉ်မှာလည်း အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ဂွါဒီယိုလာက ဖီးလစ်ကို လူစားထိုး ထည့်သွင်းခဲ့ပြီး ကစားသမားဟာ ၃၉ မိနစ်လောက်အထိ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ဖြစ်စေချင်တဲ့အတိုင်း သူကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူက ကျွန်တော့်အတွက် အရမ်း အသုံးဝင်တဲ့ကစားသမားတစ်ယောက်ပါ။ အင်္ဂလန်လက်ရွေးစင် တစ်ယောက်လည်းဖြစ်ပြီး သူ ကစားခဲ့တဲ့ အချိန်တွေအတွက် တစ်ချိန်မှ စိတ်မပျက်စေခဲ့ပါဘူး။ သူက ကျွန်တော်တို့အတွက် အချိန်အများကြီး မပါဝင်နိုင်ခဲ့ပေမယ့် အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။