စီးတီးက အရန်တွေနဲ့ ကစားမယ် ဆိုတဲ့ ပက်ရဲ့ စကားကို လုံးဝ မယုံဘူး ဆိုတဲ့ နယူးကာဆယ် နည်းပြ ဟိုဝီ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက နယူးကာဆယ်နဲ့ ကာရာဘောင်း ပွဲမှာ တစ်သင်းလုံး အပြောင်းအလဲလုပ်မယ်၊ အဓိက အသင်းသားတွေကို နားပြီး အရန်တွေ လူငယ်တွေကို ပွဲထုတမယ် လို့ ပြောကြားခဲ့ပေမယ့် နယူးကာဆယ်နည်းပြ ဟိုဝီကတော့ ဒီစကားကို မယုံပါဘူး။

စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဂွါဒီယိုလာက လိဂ်ဖလားမှာ သူ့ အဓိက ကစားသမားတွေရဲ့ စွမ်းအင် ၁% တောင်မဖြုန်းတီးချင်ဘူးလို့ ပြောကြားခဲ့ကာ ဒဏ်ရာအခြေအနေကိုလည်း ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဟိုဝီကတော့ ပက် ဂွါဒီယိုလာအနေနဲ့ ဒီညမှာ အကောင်းဆုံးမန်စီးတီး အသင်းကို ပွဲထုတ်လာမယ်လို့ မျှော်လင့်နေပါတယ်။

“မန်စီးတီး က ကျွန်တော်တို့နဲ့ ပွဲမှာ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထုတ်လာမယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ မန်စီးတီးနဲ့ပွဲအပြီးမှာ ဘန်လေ၊ ဝက်စ်ဟမ်းတို့နဲ့ကစားရမှာဖြစ်ပြီး အဲ့နောက် ပီအက်စ်ဂျီနဲ့ ဆက်ကစားရမှာဖြစ်ပါတယ်။

“မှန်ပါတယ်။ ကျွန်တော်တို့ လူစာရင်းကို အသုံးပြုပါတယ်။ ကျွန်တော့်ဦးနှောက်ထဲမှာတော့ အပြီးမသတ်ရသေးပါဘူး။ ပွဲမတိုင်ခင် ကစားသမားအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကစားသမားတွေရဲ့ အခြေအနေကို လုပ်ဆောင်ရမှာဖြစ်ပြီး ကျွန်တော်တို့ သူတို့ကို ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

အသင်းလူစာရင်းကို အကျိုးရှိရှိအသုံးချရမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ပွဲကျပ်တွေလာတော့မှာပါ။ ကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့သလို ကွင်းထဲကို အကောင်းဆုံးကစားသမားတွေပဲ စေလွှတ်ချင်ပါတယ်။ စမ်းသပ်မှုတွေ ရှိလာနိုင်ပြီး ကျွန်တော်တို့ ပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။ အရေးကြီးပွဲတွေကို သေချာလေးအာရုံစိုက်ကစားဖို့ လိုအပ်ပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။