ကာရာဘောင်းဖလား ကို မန်စီးတီးတို့ စောစော လက်လွှတ်လိုက်ပြီ ဖြစ်တဲ့ နယူးကာဆယ်နဲ့ ညက ပွဲစဉ် အကြောင်း

ဒီနေ့ နံနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ ပြီးခဲ့တဲ့ ငါးနှစ်မှာ လေးနှစ်ဆက်တိုက် ဗိုလ်စွဲ ထားနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ နယူးကာဆယ်လ်တို့နဲ့အတွေ့မှာ စောစောစီးစီးပဲ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

မန်စီးတီးတို့အနေနဲ့ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ ဂွါဒီယောလ်၊ ရီကို လူးဝစ္စနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်ချ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဂရီးလစ်ရှ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အော်စကာ ဘော့ဘ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်ခဲ့လို့ လူစာရင်းက ညံ့တယ်လို့တော့ ပြောလို့မရဘဲ ဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆယ်လက်စ်၊ ဒမ်းမက်၊ လီဗရာမင်တိုနဲ့ တားဂက်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ မိုင်လီနဲ့ ဂျိုလင်တန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မာဖီ၊ ဟောလ်နဲ့ အီဆက်ခ်တို့ကို အတော်လေး ဝိတ်လျှော့ပြီး လူစာရင်းထုတ်ခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရယူထားနိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှုပိုင်းမှာ သာလွန် ခဲ့ပေမယ့် လူငယ်တွေကို သုံးထားတဲ့ တိုက်စစ်ကတော့ အဆုံးသတ် မသေချာဘဲဖြစ်နေခဲ့ချိန်မှာ နယူးကာဆယ်လ် တို့ကတော့ ကောင်တာတွေကိုပဲ အားပြုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အတွက် တစ်လုံးတည်းသောဂိုးကိုတော့ ပွဲချိန် ၅၃ မိနစ်မှာ ဂျိုလင်တန်က ဧရိယာထိပ်ကနေ အတွင်းကို ဆွဲဝင်ပြီးမှ မန်စီးတီးခံစစ်ရဲ့ ပိတ်ဆို့မှုကြောင့် ကန်ခွင့်မသာလို့ ညာဘက်ကနေ အနိမ့်ဘော ပြန်ချိုးပေးတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ အီဆက်ခ်က တစ်ချက်ထိန်းပြီး ကန်သွင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် နယူးကာဆယ်ကတော့ မန်ယူတို့နဲ့ တွေ့ဆုံဖို့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။