ဖလား ၄ လုံး ယူဖို့ တွေးမထားလို့ ကာရာဘောင်းက ထွက်ရလည်း အေးဆေးပဲ ဆိုတဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး နည်းပြ ပက်ဂွါဒီယိုလာက ၎င်းအနေနဲ့ ဒီရာသီမှာ ဖလား‌ ၄ လုံးဆွတ်ခူးဖို့ ပစ်မှတ်ထား ထားခြင်း မရှိတာကြောင့် ကာရာဘောင်ဖလားမှ ထွက်ခွာခဲ့ရသော်လည်း ပြဿနာမရှိကြောင်းနဲ့ ဖလား ၃ လုံး အောင်မြင်မှုကိုသာ ‌နောက်တစ်ကြိမ် ထပ်ယူနိုင်ဖို့ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်စီးတီးဟာ နယူးကာဆယ်ကို ၁-၀ နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၅၃ မိနစ်မှာ တိုက်စစ်မှူး အီဆက်က သွင်း‌ယူ ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ ဂွါဒီယိုလာက ဖလား‌ ၄ လုံးအိပ်မက် အဆုံးသတ်ခဲ့ရသော်လည်း မန်စီးတီးဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို နောက်တစ်ကြိမ် ထပ်မံ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဖလား ၄ လုံးအိပ်မက်အဆုံးသတ်ခဲ့တာကြောင့် စိတ်ပျက်မိပါသလားလို့ မေးမြန်းခဲ့ရာ ဂွါဒီယိုလာက –

“ကျွန်တော့်ရဲ့ပစ်မှတ်ကို ဖလား ၄ လုံးအောင်မြင်မှုလို့ထင်နေတာလား။ ရိုးရိုးသားသားပြောရမယ်ဆိုရင် မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့က ဖလား ၃ လုံးချန်ပီယံဖြစ်ရတာကိုပဲ ပိုကျေနပ်ပါတယ်။

ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက ကြီးကျယ်မြင့်မားပါတယ်။ ဒါပေမယ့် ဒီပွဲကိုရှုံးနိမ့်ရလို့ စိတ်ပျက် ရလောက်အောင် ထိတော့ မမြင့်မားပါဘူး”လို့ ပြောကြားခဲ့ပါတယ်။