ကွင်းထဲ ပက် မပါတဲ့ ပွဲ၊ ဝုဗ်နဲ့ အတွေ့မှာ ဒီရာသီ အရှုံးအရသာ စ မြည်းလိုက်ရတဲ့ မန်စီးတီး

မန်စီးတီးအသင်းကတော့ ဒီည ပရီးမီးယားလိဂ်မှာ ဝုဗ်ကို အဝေးကွင်းသွားရောက် ရင်ဆိုင် ကစားရာ ၂-၁ နဲ့ အရေးနိမ့်ပြီး ဒီနှစ် ရာသီ ပထမဆုံး ရှုံးပွဲ စတင်ကြုံတွေ့လိုက်ရပါပြီ။

ဝုဗ်အသင်းကို ရင်ဆိုင်ကစားတဲ့ ပွဲစဉ်အတွင်း ဒီရာသီ အဝါကဒ် ၃ ကဒ်ပြည့်ခဲ့လို့ ဂွာဒီယိုလာ ပွဲကြီးကြပ်ခွင့် မရခဲ့ပါဘူး။ ကွင်းလယ်မှာ ဒဏ်ရာ ပြဿနာတွေ များနေတဲ့ မန်စီးတီးဟာ ပွဲကို ထိန်းချုပ်နိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရခြင်းနဲ့အတူ ရှုံးပွဲပါ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ဒီယက်စ် own goal နဲ့ ဝုဗ်ဘက် စီးတီး ဂိုးစပေးခဲ့ရပါတယ်။ ပထမပိုင်း တပိုင်းလုံး စီးတီးတို့ ပြန် ချေပဂိုး မသွင်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ မားသီးယက်စ်ကိုထုတ်ပြီး ဘော့ဘ်နဲ့အစားထိုးကာ တိုက်စစ်မြှင့်တင်ခဲ့ပြီးနောက် မန်စီးတီးဟာ ချေပဂိုးရရှိဖို့ အခွင့်အလမ်းတွေပိုမိုရရှိလာခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကိုတော့ ထင်သလောက်မမြင်ခဲ့ရပါဘူး။

အယ်လ်ဗာရက်ဇ်ရဲ့ လှပတဲ့ဖရီးကစ်ကန်ချက်ကြောင့် မန်စီးတီးတို့အသက်ရှူ‌ချောင်မလိုဖြစ်ခဲ့ပေမယ့် တန်ပြန် တိုက်စစ်မှတစ်ဆင့် ဝုဗ်အသင်းကပဲ ဦးဆောင်ဂိုးထပ်မံရရှိသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဝုဗ်အသင်းက အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းကို ရှုံးပွဲစတင်ကြုံတွေ့စေခဲ့ပြီဖြစ်ပါတယ်။

အဲဗာရက်စ်ထံက ထူးချွန်လှတဲ့ ဖရီးကစ်ဂိုးကို မြင်ခဲ့ရပေမယ့် ဝုဗ်အသင်းရဲ့ ရုန်းကစားမှုတွေအောက်မှာ ဒီပွဲတော့ စီးတီး အတော်လေး ပျားတုပ်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ရာသီကုန်လို့ ချန်ပီယံဖြစ်ရင်တောင် အာဆင်နယ်ရဲ့ ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ချန်ပီယံ မှတ်တမ်းကို ရတော့မှာ မဟုတ်ပါဘူး။