သူ မကြီးကြပ်နိုင်ခဲ့တဲ့ ဝုဗ်နဲ့ ပွဲမှာ စီးတီး အသင်းသားတွေ ကစားတာ ဘာတွေလွဲသွားခဲ့သလဲ ဂွါဒီယိုလာ ရှင်းပြ

မနေ့ညက ဝုဗ်အသင်းကို ၂-၁ ဂိုးရလဒ်နဲ့ ရှုံးခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးတစ်သင်းလုံးဟာ စီစဉ်ထားတဲ့ အတိုင်း မကစားနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းကို နည်းပြဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။
အဓိက တည်ကြက် ကစားသမား ၂ ယောက်ဖြစ်တဲ့ ရူဘင်ဒိုင်ယက်ဇ်နဲ့ ကိုဗာဆစ်တို့လည်း လုပ်ကွက်ပျောက်ခဲ့ တာကြောင့် ရလဒ်ကောင်း မရခဲ့တာဖြစ်တယ်လို့ စပိန်သား နည်းပြက ဆိုပါတယ်။
ဂွါဒီယိုလာဟာ ဒီရာသီအတွက် အဝါကတ် ၃ ကတ် ပြည့်သွားခဲ့ တာကြောင့် ဝုဗ်နဲ့ ပွဲကို ကွင်းဘေးကနေ ပွဲကြီးကြပ်ခွင့် မရခဲ့ဘဲ ပွဲကြည့်စင်က သာ ကြည့်ခွင့်ရခဲ့ပါတယ်။
ဒါကြောင့် ဂွါဒီယိုလာရဲ့ အနီးကပ် ကြီးကြပ်မှု မရခဲ့တဲ့ မိုးပြာရောင်အသင်းဟာ ဝုဗ်အသင်းရဲ့ ခံစစ်လိုင်းကို ဖြတ်ကျော်ဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူး အယ်လ်ဗာရက်စ်ရဲ့ တိုက်ရိုက် ဖရီးကစ် သွင်းဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
တစ်ဖက်မှာတော့ ဝုဗ်အသင်းဟာ တောင်ပံကစားသမား နီတိုရဲ့ အားထုတ်မှုကနေတစ်ဆင့် ဒီယက်ဇ်တစ်ယောက် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိပြီး ဟွမ်ဟီးချန်ရဲ့ အနိုင်ဂိုး ကြောင့် ၂ ဂိုးရသွားခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ သူ့ရဲ့အသင်းဟာ ၄-၅-၁ ပုံစံကို ကစားခဲ့တာဖြစ်ပေမဲ့ တိုက်စစ်ကို အားပြုတဲ့နေရာမှာ စီစဉ်ထားတဲ့ အတိုင်း သေချာ လိုက်ပြီး မလုပ်နိုင်ခဲ့ဘူးလို့ စပိန်သား နည်းပြက ဆိုပါတယ်။
” ကျွန်တော်တို့ ပုံစံ ကောင်းရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ပွဲချိန် နောက်ဆုံး ၁၀ မိနစ်၊ ၁၅ မိနစ် လောက်ကိုတော့ မပြောလိုပါဘူး။
ဘာကြောင့်လဲဆိုတော့ အရမ်းကို ခက်ခဲ လွန်းလို့ပါ။ ကျွန်တော်တို့ လုပ်စရာရှိတာတွေကို သင့်တင့်လျောက်ပတ် အောင် မလုပ်နိုင်ခဲ့ကြဘူး။ တိုက်စစ်ကစားတဲ့နေရာမှာ ပုံသေကားကျအတိုင်း လိုက်မလုပ်နိုင်ခဲ့ဘူး။
ဒါကြောင့် ကျွန်တော်တို့အသင်း နည်းနည်းလေး ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အလှည့်အပြောင်း လုပ်တဲ့နေရာမှာတော့ နီတိုက ကျွန်တော်တို့ထက် ပိုပြီး ကောင်းသွားခဲ့တယ်။
ကျွန်တော်တို့ စုဖွဲ့မှု မလုပ်နိုင် ခင်အချိန်မှာ သူက ကျွန်တော်တို့ကို ဖြတ်ကျော်သွားတာဖြစ်တယ်။ ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကစားဖို့ခက်တဲ့ ပွဲဖြစ်နေတယ်။
သူတို့က ခံပြီးကစားတာ အရမ်းကောင်း လွန်းတယ်။ သူတို့တွေ ခံစစ်ကို အလုံပိတ်ထားလိုက်တော့ ကိုဗာဆစ်နဲ့ ရူဘင် ဟာ တိုက်စစ်ကို လောက်လောက်လားလား လုပ်မပြနိုင်တော့ဘူး။
ဒါကြောင့် ပိုပြီး ခက်ခဲလွန်းသွားတာ ဖြစ်ပါတယ် ” လို့ ဂွါဒီယိုလာက ဝုဗ်နဲ့ ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။