ရှုံးပွဲဆက်ခဲ့သေးပေမယ့် သူ့လူတွေကို သူ ဘယ်လောက် ယုံကြောင်း ကြူးသွားတဲ့ ပက် ဂွာဒီယိုလာ

နည်းပြ ပက် ဂွါဒီယိုလာက လိုက်ပ်ဇစ်ကို အနိုင်ယူပြီး ၂ ပွဲဆက် ရှုံးပွဲကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ အသင်းနဲ့ပတ်သက်ပြီး ဘာသံသယမှမရှိခဲ့ဖူးဘူးလို့ ပြောဆိုလိုက်ပြီး လက်ရှိမှာတော့ အာဆင်နယ်နဲ့ ပွဲအတွက် သတိပေးပြောဆိုမှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။
မန်စီးတီးဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်ကို သွားရောက်ပြီး ဆုဖလားပြိုင်ဘက် အာဆင်နယ်နဲ့ ရင်ဆိုင် သွားရတော့မှာ ဖြစ်ပြီး ဂွါဒီယိုလာက အဲဒီပွဲမတိုင်ခင်မှာ မကြာသေးမီက ဆိုးရွားတဲ့ရလဒ်တွေရှိခဲ့ပေမယ့်လည်း အသင်း အပေါ်မှာ အပြည့်အဝ ယုံကြည်မှု အမြဲတမ်းရှိခဲ့ပြီး မြောက်လန်ဒန်မှာ ကစားနေကျပုံစံအတိုင်း ကစား သွားချင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် ဒီလိုမျိုး အားကောင်းတဲ့စွမ်းဆောင်ရည် ပြသနိုင်ခဲ့တာက အရေးပါလားလို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက
“ အရေးပါတာပေါ့။ ဒါပေမယ့် ကျွန်တော့်အသင်းကို ရလဒ်တွေအပေါ်မှာ ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။ နှစ်ပွဲစလုံး(နယူးကာဆယ်၊ ဝုလ်ဗ်စ်)မှာ အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်ခဲ့ပေမယ့်လည်း ကစားသမား ၁၀ ဦးစလုံးက ပင်နယ်တီဧရိယာထဲမှာ ခုခံနေတဲ့အခါကျရင် ကစားရတာ မလွယ်ကူပါဘူး။
ကစားသမား ၁၀ ဦးက ခံစစ်ကစားနေတယ်။ ၅ ယောက်၊ ၄ ယောက်နဲ့ တိုက်စစ်မှူး၊ ကွင်းလယ်အထိုင် ကစားသမားတွေ အားလုံးက ပင်နယ်တီဧရိယာထဲ ရောက်နေတော့ မလွယ်ကူပါဘူး။ အဲဒီအတိုင်း ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ပထမဂိုးမှာ ကံမကောင်းခဲ့ဘဲ ထက်မြက်သင့်သလောက် မထက်မြက်ခဲ့ဘူး။ အဲဒီလို ဖြစ်ခဲ့တယ်”
“ပွဲတွေက အများကြီးဆိုတော့ ကျွန်တော် အဲဒါကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဖြစ်လို့ ကျွန်တော်က ကစားသမားတွေနဲ့ ပတ်သက်ပြီး ဒါမှမဟုတ် ဒီရာသီ ကျွန်တော်တို့ လုပ်သွားမယ့်ဟာနဲ့ပတ်သက်ပြီး သံသယဝင်မိနေတယ်လို့ ခင်ဗျား ထင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ ထပ်ပြီးတော့ ရှုံးနိမ့်သွားနိုင်တယ်ဆိုရင် ခင်ဗျားမှားသွားပြီ။
ခင်ဗျားက ဒီလို မေးခွန်းတွေကို ထုတ်ဖို့အတွက် သင့်တော်တဲ့သူမဟုတ်ပါဘူး။ ကျွန်တော် ဒီကောင်လေးတွေအပေါ်မှာ အားကိုးမှုက အခြေအနေအချိန်အခါအလိုက် ပြောင်းလဲမသွားပါဘူး။ နိုင်နိုင်၊ ရှုံးရှုံးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် လေ့ကျင့်ရေးအစီအစဉ်ကို သိနေပြီး သူတို့တွေမှာရှိတဲ့ စိတ်ဓာတ်နဲ့ အဲဒါကို သူတို့ သက်သေပြမယ်ဆိုတာ သိနေလို့ပါ။
အခု ကျွန်တော်တို့ အာဆင်နယ်နဲ့ပွဲကို ကစားသွားရတော့မှာပါ။ အနားယူပြီး ကျွန်တော်တို့ မတ်၊ ဧပြီ၊ မေလမှာ ဆုဖလားပြိုင်ပွဲထဲ ရှိနေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့က အနိုင်ယူဖို့ လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။