ဂွာဒီယိုလာ တားမြစ်ထားတာကို လုပ်ပြပြီး တိုက်ရိုက်စိန်ခေါ်ဖူးကြောင်း ဇာလက်တန် အီဗရာဟီမိုဗစ် ဖော်ထုတ်

နာမည်ကြီး တိုက်စစ်မှုး ဖြစ်ခဲ့တဲ့ ဆွီဒင်သားကြီး အီဗရာဟီမိုဗစ်ကတော့ ဘာစီလိုနာအသင်းအတွက် ကစားပေးခဲ့စဉ် တုန်းက နည်းပြ ဂွာဒီယိုလာရဲ့ စကားကို ဂရုစိုက်ခြင်း မရှိခဲ့ပဲ ဂွာဒီယိုလာ တားမြစ်ထားတဲ့ ကိစ္စတစ်ခုကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့ပုံကို ပြန်လည် ဖောက်သည်ချသွားခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုဗစ်ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ဘာစီလိုနာအသင်းထံ ကာလတို ပြောင်းရွှေ့ကစားခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး နည်းပြ ဂွာဒီယိုလာနဲ့ လူသိရှင်ကြား ကတောက်တဆတွေ ဖြစ်ခဲ့ပြီးနောက် အသင်းအတွက် ၂၉ ပွဲ ကစား သွင်းဂိုး ၁၆ ဂိုးသွင်းပေးခဲ့ပြီး နူးကမ့်ကို စွန့်ခွါသွားခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။

အဆိုပါ အချိန်တုန်းက ဂွာဒီယိုလာဟာ ၎င်းရဲ့ အသင်းသားတွေကို နာမည်ကျော် ဖယ်ရာရီ ပြိုင်ကား လေ့ကျင့်ရေးကွင်း အတွင်း ယူဆောင်လာခွင့် ပိတ်ပင်ခဲ့ဖူးပေမယ့် မိုဗစ်ကတော့ စီးလာရုံတင်မက ဂွာဒီယိုလာရဲ့ ရုံးခန်းရှေ့မှာတောင် သွားပိတ်ရပ်ထားခဲ့ပါသေးတယ်။

မိုဗစ်က “ ကျွန်တော် ဂွာဒီယိုလာနဲ့ တွေ့ခဲ့တုန်းက အဖြစ်အပျက် တစ်ခုရှိခဲ့ဖူးတယ်ဗျ၊ အဲ့ဒီတုန်းက သူက ဘယ် ကစားသမားကိုမှ လေ့ကျင့်ရေးကွင်းအတွင်း ဖယ်ရာရီ စီးပြီး လာတာ ခွင့်မပြုခဲ့ပါဘူး။

ကျွန်တော် ဘာလုပ်ခဲ့သလဲသိလား၊ သိပ်ဟုတ်တာပေါ့ဗျာ၊ ဆောက်ထာကျကျ ဖယ်ရာရီ ပြိုင်ကားတစ်စီး စီးလာပြီး သူ့ကိုတောင် အော်ဆဲလိုက်ပါသေးတယ်၊ အဲ့ဘဲက တကယ်တော့ ငကြောက်ပဲဗျ၊ ကျွန်တော်က သူ့ဆီက ဘာများကြားရမလဲဆိုပြီး မျှော်လင့်ထားပေမယ့် သူက ဘာမှကို ပြန်မပြောခဲ့တာ၊ ပြီးတော့ သူလစ်သွားတယ် ” ဆိုပြီး ပြန်လည် ဖော်ထုတ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အဆိုပါ အချိန်တုန်းက ၄-၃-၃ ကစားကွက်နဲ့ ကစားနေရာမှ မက်ဆီကို အဓိက ဝန်းရံစေဖို့ ၄-၅-၁ ပုံစံအထိ ပြောင်းလဲ ကစားခဲ့တာကြောင့် မိုဗစ်တစ်ယောက် ဘာစီလိုနာကို စိတ်ပျက်ပြီး ပြန်လည် စွန့်ခွါခဲ့ရကာ အေစီမီလန်၊ ပီအက်စ်ဂျီ၊ မန်ယူ၊ အယ်လ်အေ ဂလက်စီ စတဲ့ အသင်းတွေမှာ ဆက်လက် ကျင်လည် ကစားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။