ဒီအပတ် စူပါဆန်းဒေး အာဆင်နယ် – မန်စီးတီး ပွဲက ဘယ်လို ရလဒ်ထွက်မလဲ ကြိုတင် ခန့်မှန်းလိုက်တဲ့ ဘာဘာတော့ဗ်
မန်ချက်စတာစီးတီးကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ပွဲကြီးပွဲကောင်း အဖြစ် အမ်းမရိတ်မှာ အာဆင်နယ် အသင်း ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် ဖြစ်ခဲ့တဲ့ အာဆင်နယ်က ဒီရာသီမှာလည်း ဖလားလုဖို့ တာစူနေပြီး ဒီပွဲကို အနိုင် ကစားဖို့ ပြင်ဆင်နေတာပါ။
ပွဲကတော့ အောက်တိုဘာ ၈ ရက်၊ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်ကတော့ ဒီပွဲဟာ ဘယ်သူ့ ဘယ်သူမှ မနိုင်ဘဲ သရေ ရလဒ် ထွက်မယ် လို့ ကြိုတင် ခန့်မှန်းထားပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းချက်
အခြားပွဲတွေလိုပဲ ဒီပွဲက နိုင်ဖို့ အရေးတစ်ကြီး လိုအပ်တဲ့ပွဲစဉ် ဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ကိုယ့်ရဲ့ အနီးကပ် ပြိုင်ဘက်ကို ကျော်တက်ရမှာပါ။ နှစ်သင်းလုံးက အကောင်းအဆိုး ရောနေတဲ့ ခြေစွမ်းတွေနဲ့ ဒီပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နှစ်သင်းလုံးက သူတို့ ဘယ်လောက်ထိ ကောင်းနိုင်တယ်ဆိုတာ သိထားကြပါတယ်။ နှစ်သင်းလုံးက နေရာလွတ်တွေကို အသုံးချပြီး တိုက်စစ်ကစားတယ်၊ ပြိုင်ဘက်ရဲ့ အမှားကို စောင့်ဖမ်းတတ်ကြတယ်။ အာတီတာက ဂွာဒီယိုလာထံက အကောင်းဆုံး သင်ယူထားသူပါ။ ကျနော်ကတော့ သရေပွဲလို့ပဲ ထင်မိပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-2 မန်စီးတီး
