၂ ပွဲ ဆက် လိဂ် အရှုံး၊ အမှတ်ပေးဇယား တတိယနေရာထိ ဆင်းပေးလိုက်ရခြင်းနဲ့ အာဆင်နယ် ကို မန်စီးတီးတို့ အဝေးကွင်းမှာ အရေးနိမ့်ရသွားတဲ့ ပွဲ

ဒီ တနင်္ဂနွေနေ့ည အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ အာဆင်နယ် – မန်စီးတီးတို့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာတော့ မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့အတူ အိမ်ရှင် အာဆင်နယ်တို့ အနိုင်ရသွားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အဓိက ကလပ် ၂ သင်း ထိပ်တိုက်တွေ့ကြတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အတော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြကာ နှစ်သင်းလုံးက သတိကြီးတဲ့ ပွဲချဉ်းကပ်မှုဖြင့် ယှဉ်ပြိုင်လာခဲ့ကြပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဂျော်ဂျင်ညိုနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နကီးတီးယား၊ ဂျေဆူးစ်နဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာစီးတီးတို့ကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ကိုဗာချစ်ချ်၊ ဖိုဒန်၊ ရီကို လူးဝစ္စနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်းကို အထောင်ထားလာခဲ့တာပါ။

အာဆင်နယ်ဘက်က ဂိုးသမား ယာယာ အပါအဝင် ခံစစ်က အနည်းငယ် ပြာနေမှုကို မြင်ခဲ့ရပေမယ့် မန်စီးတီးဘက်က အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။ နှစ်သင်းလုံးရဲ့ ခံစစ်ဟာ ထိုးဖောက်ရ ခက်ခဲလှတာကာ ဒီဘရိုင်းနဲ့ ရိုဒရီတို့ မပါတဲ့ မန်စီးတီးက သိသိသာသာ လွှမ်းမိုးကစားနိုင်ခြင်း အားနည်းပါတယ်။

ပွဲကြီးတစ်ပွဲဖြစ်ပေမယ့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖျော်ဖြေမှုပေးဖို့ထက် ရမှတ်ကို အဓိကထား ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ပိုင်းမှာ အာဆင်နယ်က အနည်းငယ် ပိုတိကျတဲ့ ကန်ချက်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဆာဘီလာတို့ရဲ့ ခံစစ်ကို ကျော်ဖြတ် အခွင့်အရေးယူဖို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒီပွဲမှာ အာတီတာရဲ့ လူစားလဲမှုတွေက ပွဲရလဒ်အတွက် သက်ရောက်မှု ကြီးခဲ့ပါတယ်။ သွင်းဂိုးကတော့ ဒုတိယပိုင်း အတွင်း ထရော့ဇက်နေရာ လူစားဝင်တဲ့ မာတင်နယ်လီရဲ့ ကန်ချက် အကီ မျက်နှာနဲ့ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာပါ။ ဒီတစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေကိုတော့ အာဆင်နယ်တို့ ပါးပါးနပ်နပ် ကစားပြီး နိုင်ပွဲရယူသွားခဲ့သလို အာတီတာလက်ထက်မှာ မန်စီးတီးကို ပရီးမီးယားလိဂ်နိုင်ပွဲ မရဖူးသေးတဲ့ မှတ်တမ်းဆိုးကိုလည်း ချိုးဖျက်သွားနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် ဂန်းနားတွေအနေနဲ့ စပါးစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်တူ သွင်းဂိုးအနည်းနဲ့ ဒုတိယနေရာကို ရယူသွားခဲ့ချိန်မှာ နှစ်ပွဲဆက်ရှုံးတဲ့ စီတီဇင်တွေကတော့ တတိယနေရာကို ကျဆင်းသွားခဲ့ပါတယ်။