ပွဲပြီးပေမယ့် ပွဲမပြတ်သေးဘဲ စကားများခဲ့ကြသေးတဲ့ ဟာလန်း၊ ဝေါ်ကာတို့နဲ့ အာဆင်နယ် နည်းပြအဖွဲ့ဝင်များ

အာဆင်နယ်က မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေနဲ့ ဥမင်လျှောက်လမ်းထဲမှာ အချင်းများ စကားများခဲ့ကြပါသေးတယ်။

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးကို ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရစေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဒေါသတွေက ပွက်ပွက်ဆူနေပြီး ဝေါ်ကာနဲ့ အသင်းဖော် ဟာလန်းတို့ဟာ ဥမင်လျှောက်လမ်းဆီကို သွားနေတဲ့ အုပ်စုကို ထိပ်တိုက်ရင်ဆိုင်နေတာ မြင်တွေ့ခဲ့ရပါတယ်။

မန်စီးတီးနောက်ခံလူက မန်ချက်စတာကလပ်အတွက် ၂၀၁၉ ကနေ ၂၀၂၁ အထိ အလုပ်လုပ်ပေးခဲ့ဖူးတဲ့ အာဆင်နယ်တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းမှုကို လစ်လျူရှုခဲ့ပြီးနောက် ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းက အသင်းဖော် ဝေါ်ကာကို ဆွဲဖို့ ကြိုးပမ်းခဲ့ပြီးနောက် နောက်ထပ် နည်းပြအဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတွေ ရောက်လာခဲ့ပြီး နောက်ဆုံးမှာတော့ မန်စီးတီးနောက်ခံလူဟာ ဒေါသတကြီးနဲ့ ဥမင်လျှောက်လမ်းထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက ဘာတွေဖြစ်ခဲ့လဲဆိုတာ သိပေမယ့်လည်း ဘာမှ ပြောမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပြီး အာတီတာကတော့ ပြဿနာတက်နေတာကို မမြင်တွေ့ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူဟောင်း မီကာ ရစ်ချက်က “ကြည့်ရတာ သူက သူ့လက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပုံပါပဲ။ ဒါပေမယ့် ကိုင်လီက အဲဒီလို မလုပ်ချင်ခဲ့ဘူး။ ကျွန်တော်တို့က အောက်တိုဘာလထဲမှာပါ။

တကယ်လို့ မတ်လ ဒါမှမဟုတ် ဧပြီလထဲဆိုရင် စိတ်ပျက်မှုကို နားလည်ပေးနိုင်ပါတယ်။ သူတို့တွေ အာဆင်နယ်ကို ရှုံးချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကမ္ဘာကြီး အဆုံးသတ်သွားတာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။