အမ်းမရိတ်က ပွဲ အပြီးမှာ ဟာလန်းနဲ့ အတူ မန်စီးတီး၊ ပက် ဂွာဒီယိုလာ တို့ပါ စံချိန် မှတ်တမ်းဆိုးတွေ ပိုက်သွားခဲ့ရပါတယ်

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ မနေ့ညက အမ်းမရိတ်စ်မှာ အာဆင်နယ်ကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စီးတီးရဲ့ အဓိက တိုက်စစ်မှူးဟာလန်းကလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
အခုပွဲမှာ အာဆင်နယ်နောက်ခံလူတွေဖြစ်ကြတဲ့ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်တို့ ခြေစွမ်းပြခဲ့ပြီး အထူးသဖြင့် ဆာလီဘာက ဟာလန်းကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့ဲတဲ့ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၂ ဂိုးအထိ သွင်းယူခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ၈ ဂိုး သွင်းခဲ့တဲ့ ဟာလန်းဟာ အခု အာဆင်နယ်နဲ့ပွဲမှာ မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပေမယ့် ဘာမှကို မလုပ်ပြနိုင်ဘဲ ဂိုးပေါက်ကန်ချက် ၁ ကြိမ်မှ မရှိတဲ့အထိ ဆိုးရွားခဲ့ပါတယ်။
ဟာလန်းဟာ ဘောလုံးဆုံးရှုံးမှု ၈ ကြိမ်၊ လေထဲမှာ ပြိုင်ဘက်ကို အသာမယူနိုင်မှု ၃ ကြိမ်၊ ဂိုးပေါက်ကန်ချက် ၀ ၊ ဂိုးပေါက်တည့်မှု ၀ ၊ သွင်းဂိုး ၀ ၊ ဂိုးဖန်တီးမှု ၀ ဆိုတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက စပါးအသင်းကို ၁-၀ ဂိုးနဲ့ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲနောက်ပိုင်း ပွဲစဉ်တစ်ပွဲမှာ ဂိုးပေါက်ကန်ချက် ၁ ကြိမ်မှ မရှိခဲ့တာက ဒါ ပထမဆုံးပါပဲ။
ဟာလန်းနဲ့အတူ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကလည်း စိတ်ပျက်စရာ မှတ်တမ်းတွေ ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ နယူးကာဆယ်(လိဂ်ဖလား)၊ ဝုလ်ဗ် (ပရီးမီးယားလိဂ်)၊ အာဆင်နယ် (ပရီးမီးယားလိဂ်)တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ပြည်တွင်းပြိုင်ပွဲတွေမှာ ၃ ပွဲဆက်တိုက်ရှုံးခဲ့တာက ၂၀၁၆ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးပါပဲ။
ဒါ့အပြင် ၂၀၁၈ ဒီဇင်ဘာလအတွင်း ခရစ္စတယ်ပဲလေ့စ်၊ လက်စတာတို့ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးခဲ့တာဖြစ်ပါတယ်။
အခု အာဆင်နယ်နဲ့ပွဲမှာ မန်စီးတီးအသင်းဟာ ဂိုးပေါက်ကန်ချက် ၄ ကြိမ်သာရှိခဲ့ပြီး ဒါကလည်း ဂွါဒီယိုလာလက်ထက် ပရီးမီးယားလိဂ်ပွဲစဉ် ၁ပွဲမှာ ဂိုးပေါက်ကန်ချက် အနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။