ထူးခြားတဲ့ လက်စွပ်ကို ဆု အဖြစ် လက်ခံ ရရှိခဲ့တဲ့ မန်စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်း

မန်ချက်စတာ စီးတီး တိုက်စစ်မှုး အာလင်းဟာလန်းဟာ အင်္ဂလန်တွင် ပထမဆုံးကစားတဲ့ ရာသီတွင် ကြီးကျယ်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပြီးတဲ့နောက် နောက်ထပ်ဆုတစ်ခု ထပ်မံ ရရှိလာပြန်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ နောက်ထပ် ဆုတစ်ဆုအဖြစ် လက်ဝတ်ရတနာတစ်ခု လက်ဆောင်ရရှိလာတာလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအတွက် ၅၃ ပွဲကစားရာမှာ ၅၂ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ရယူပေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ အထူးထုတ် လက်စွပ်တစ်ကွင်း ချီးမြှင့်ခံလာရတာ ဖြစ်ပါတယ်။

ယင်းလက်စွပ်တွင် အမည်၊ ခုနှစ်၊ နိုင်ငံ၊ ကစားခဲ့တဲ့ ပွဲနှင့် ဂိုး၊ ရရှိခဲ့တဲ့ ဆုဖလားများကိုလည်း ဖော်ပြထားပါတယ်။

ဟာလန်းက ဒီလက်စွပ်ကို 433 ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု အဖြစ် လက်ခံ ရရှိခဲ့တာပါ။

အာလင်းဟာလန်းဟာ ကြီးကျယ်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်ပြီးတဲ့နောက် ဥရောပရွှေဖိနပ်၊ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ FWA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ မန်စီးတီးနှင့် ပရီးမီးယားလိဂ်တို့ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုနှင့် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ ဆွတ်ခူးခဲ့ပါတယ်။

အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ် အတွက် ဘလွန်းဒီအော ဆု ဆွတ်ခူးရန်လည်း ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိပါတယ်။