အကြိမ် ၁ သိန်း ပြန် run ပြီး တွက်ခဲ့ပေမယ့် မန်စီးတီးကိုပဲ ပရီးမီးယားလိဂ် ချန်ပီယံ ရွေးခဲ့တဲ့ စူပါကွန်ပျူတာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ် က မန်စီးတီးကို မာတင်နယ်လီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ကာ အမှတ်ပေးဇယားမှာ စီးတီးကို ကျော်တက်သွားခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်ထဲ ဝင်သွားချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စပါးနဲ့ အာဆင်နယ်တို့က ဦးဆောင်နေပြီး မန်စီးတီးက အဆင့် ၃ နေရာ ကျသွားခဲ့ပါတယ်။

ဒါဆိုရင် အာဆင်နယ်က ဒီရာသီမှာ မန်စီးတီးကို နန်းချပြီး ပရီးမီးယားလိဂ် သရဖူ ကို ရယူသွားမလား ရင်ခုန်စရာတွေ ဖြစ်လာပါပြီ။

စူပါကွန်ပျူတာရဲ့ နောက်ဆုံး တွက်ချက်မှုကတော့ အဲဒီလို မထင်ပါဘူး။ တနင်္ဂနွေနေ့က ပွဲတွေ အပြီး ထုတ်ပြန်လာတဲ့ ၎င်းရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းဇယားမှာ မန်စီးတီးကသာ ထိပ်မှာ ရှိနေပါတယ်။

အကြိမ်ရေ ၁ သိန်း တိတိ တွက်ချက်စစ်ဆေးခဲ့ပေမယ့် စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် ရွေးချယ်မှုကတော့ မန်စီးတီးပါပဲ။

ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ၅၄.၂% ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ စီးတီးနောက်မှာမှ အာဆင်နယ်၊ လီဗာပူးနဲ့ နယူးကာဆယ်တို့ အသီးသီး ရပ်တည်နေမှာပါ။

ဒီရာသီ တာထွက်ကောင်းနေတဲ့ စပါးကိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် မရဘဲ အဆင့် ၅ နဲ့ပဲပြီးမယ် ဆိုထားပြီး အဆင့် ၆ နေရာမှာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးကိုတော့ အဆင့် ၉ လို့ တွက်ထုတ်ထားပါတယ်။

တန်းဆင်းမယ့် ၃ သင်းကိုတော့ ဘုန်းမောက်၊ လူတန်နဲ့ ရှက်ဖီးယူနိုက်တက် တို့ ဖြစ်မယ်လို့ ၎င်းက ရွေးချယ်ထားပါတယ်။