ကလပ်အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူထားတဲ့ ဟာလန်း က နော်ဝေ အသင်းကိုလည်း တွန်းပို့နိုင်ဖို့ လိုအပ်နေပါပြီ

အာလင်း ဟာလန်းဆိုတာ ကလပ်အသင်း မန်စီးတီးနဲ့ အတူ ဥရောပမှာ ဂိုးသွင်းအား အရမ်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။

စီးတီးနဲ့ ဒေါ့မွန်တို့ထံ မရောက်ခင် ဟာလန်း က မိုလ်ဒီမှာ ကစားနေစဉ်ကတည်းက ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနေတဲ့ ဂိုးမုဆိုးတစ်ဦးပါ။ အသက်(၂၃)နှစ်အရွယ်နဲ့လည်း ကလပ်အသင်း ကစားသမားဘဝ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ ကစားသမား လည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူ့မှာ နော်ဝေ လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့က လိုအပ်နေပါသေးတယ်။ အောင်မြင်က ဆုဖလား အောင်မြင်မှုတင် မဟုတ်သေးပဲ နော်ဝေကို ကမ္ဘာ့ဖလား ဒါမှမဟုတ် ယူရိုပြိုင်ပွဲ ဒီလို နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင် တွန်းပို့ဖို့ လိုအပ်နေပါတယ်။

ဘောလုံးအသင်း တစ်သင်းမှာ ကစားသမားတစ်ဦးတည်း ကောင်းနေရုံနဲ့ မလုံလောက်ဘူး ဆိုပေမယ့်လည်း နော်ဝေမှာက ဟာလန်းအပြင် အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် ဘန်လေ ကွင်းလယ်လူ ဆမ်ဒါဘာ့ချ်နဲ့ တခြားသော ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားလို့ ဒီကစားသမားတွေအားနဲ့ အသင်းကို ပြိုင်ပွဲကြီးတွေဆီ ပို့ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။

နော်ဝေအသင်းဟာ ယူရိုပြိုင်ပွဲကို နောက်ဆုံး ဝင်ရောက် ဆင်နွဲဖြစ်ခဲ့ရတာက ၂၀၀၀ခုနှစ်က ဖြစ်ပြီး အဲ့ဒီတုန်းက အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရသလို ကမ္ဘာ့ဖလားကိုလည်း ၁၉၉၈ခုနှစ်ကသာ နောက်ဆုံးအကြိမ်အဖြစ် ပါဝင် ထားခဲ့ရပါတယ်။

အခုလည်း ဟာလန်း အိုဒီဂတ်တို့ရဲ့ နော်ဝေအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲ မအောင်မြင်သေးပဲ ပလေးအော့အဆင့်ကနေသာ ဝင်ရောက် ယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး ဒါတောင်မှ ပလေးအော့ကို ကစားရဖို့က မသေချာသေးတဲ့ အခြေအနေမှာသာ ရှိနေပါတယ်။

ဘလွန်းဒီအော ဆု ရေပန်းစားမှုမှာ ဟာလန်းက ကလပ်အသင်းနဲ့ အောင်ပွဲ အလီလီ ရယူထားသည့်တိုင် နိုင်ငံ အသင်းနဲ့ အောင်မြင်မှု မရတာကြောင့် မေးခွန်းထုတ်မှုတွေ ရှိနေသေးတာပါ။

ဟာလန်းက နော်ဝေအသင်းအတွက် အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်နေသလို မကြာခင်မှာလည်း နော်ဝေအတွက် သွင်းဂိုးအများဆုံး ကစားသမားပါ ဖြစ်လာနိုင်ပါတယ်။

ဟာလန်း အိုဒီဂတ်တို့နဲ့အတူ တခြား နော်ဝေ ကစားသမားတွေက သူတို့ လက်ရွေးစင်အသင်းကို ၂၀၀၀ခုနှစ်နောက်ပိုင်း နိုင်ငံတကာ ပြိုင်ပွဲကြီးတွေအထိ ဝင်ရောက် ဆင်နွဲခွင့် ရရှိအောင် ပိုမို ကြိုးပမ်းဖို့ အသေအချာ လိုအပ်နေပြီ ဖြစ်ပါတယ်။