ဘလွန်းဒီအော ဆုရဲ့ အစဉ်အလာတွေကြောင့် ရိုဒရီ တစ်ယောက် ကံကောင်းနိုင်ပါ့မလား

ဘလွန်းဒီအော ရွှေဘောလုံး ဆုကို ပုံမှန် စိန်ခေါ်နိုင်သူ ကစားသမား အများအပြား ရှိခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းရဲ့ အတွေ့အကြုံအရ ဒီရာသီ ရေပန်းစားနေတဲ့ မန်စီးတီး ကွင်းလယ် ကစားသမား ရိုဒရီဟာ ထိပ်ဆုံး ၅ ဦးထဲ ပါဝင်ရင်ကို ကံကောင်းတာ လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူ ဘတ်စ်စကွက်ဟာ ကက်တလန်ကလပ်ရဲ့ အဓိက ကစားသမား ဖြစ်သလို ဆုဖလားပေါင်း များစွာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ၎င်းဟာ ဘလွန်းဒီအောဆုမှာ အမြင့်ဆုံးအားဖြင့် အဆင့် ၂၀ အထိပဲ ရပ်တည်နိုင်ခဲ့တာပါ။
ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်အဖြစ် ဘတ်စ်စကွက် ပြသခဲ့တဲ့ ခြေစွမ်း၊ အရေးပါမှုတွေအရ ဆိုရင် မယုံနိုင်စရာ အချက်အလက်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါဟာ သိပ်ကို ထူးချွန်လွန်းတဲ့ တိုက်စစ်သမားတွေနဲ့ တစ်ဦးချင်းဆု အပြိုင် လုရခြင်းရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။
ဒီအချက်အလက်အရ တစ်ဦးချင်းဆိုင်ရာ အကောင်းဆုံးဆုတွေမှာ ကွင်းလယ် အတွင်းလူတွေဟာ သိပ်ပြီး လူကြိုက် မခံရပါဘူး။
ဒါကြောင့် မန်စီးတီးရဲ့ ရိုဒရီဟာလည်း မနှစ်ကရာသီ ဖလား ၃ လုံး အောင်မြင်မှုမှာ အဓိကကျခဲ့ပေမယ့် ဘလွန်းဒီအောဆု ထိပ်ဆုံး နေရာတွေကို ရောက်လာဖွယ် မရှိပါဘူး။
ရိုဒရီအစား ဖလားအောင်မြင်မှု အားလုံးအတွက် အမှတ်ရခဲ့သူက ဟာလန်းဖြစ်ကာ နော်ဝေသားကပဲ မက်ဆီ၊ အမ်ဘတ်ပီတို့နဲ့အပြိုင် ရေပန်းစားစာရင်းရဲ့ ထိပ်ဆုံး ၃ ဦးစာရင်းထဲ ပါဝင်လာမှာဖြစ်ပါတယ်။
ဒီနောက်ပိုင်း ဘလွန်းဒီအော သမိုင်းမှာ ထိပ်ဆုံး ၃ နေရာထဲ ဝင်ရောက်နိုင်ခဲ့သူက အီတလီနဲ့ ယူရိုဖလား အောင်မြင်ခဲ့ ဖူးတဲ့ ဂျော်ဂျင်ဟိုပဲ ဖြစ်ပါတယ်။
အကယ်လို့ ရိုဒရီက ကမ္ဘာ့ဖလား အနိုင်ရ အာဂျင်တီးနား အသင်းသားဆိုရင် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် လက်ရွေးစင် အဆင့်မှာ သူ အောင်မြင်မှု မရခဲ့ပါဘူး။
ဘလွန်းဒီအော ရဲ့ အစဉ်အလာတွေကို ရိုဒရီ ဒီနှစ် ချိုးဖျက်နိုင်မလားကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။