သူ့ကို ဟာလန်းနဲ့ မနှိုင်းကြဖို့ တောင်းဆိုသွားတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်း

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ဒိန်းမတ် တိုက်စစ်မှုး ဟွိုင်လန်းက သူဟာ အာလင်း ဟာလန်းလို အဆင့်အတန်းမျိုး ရောက်ရှိဖို့ လိုအပ်နေသေးတာကြောင့် ဟာလန်းနဲ့ နှိုင်းယှဉ်ပြီး မပြောကြဖို့ တောင်းဆို ပြောဆိုသွားခဲ့ပါတယ်။

နာမည်ချင်းသာမက ကစားတဲ့ပုံစံရော၊ ခန္ဒာကိုယ် နဲ့ အရပ်အမောင်းချင်း တူညီနေတဲ့ ဟာလန်း နဲ့ ဟွိုင်လန်းကို ဘောလုံးပရိသတ်များစွာက နှိုင်းယှဉ် ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ဟာလန်းက မိုလ်ဒီ၊ ဒေါ့မွန် နဲ့ မန်စီးတီးတို့မှာ ဂိုးတွေများစွာ သွင်းယူထားခဲ့ဖူးတဲ့ တိုက်စစ်မှူးဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာဆိုရင်လည်း မန်စီးတီးနဲ့ ဆုဖလားများစွာအပြင် သူကိုယ်တိုင်လည်း တစ်ဦးချင်း ဆုပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဟွိုင်လန်းကတော့ အတ္တလန်တာကို ရောက်ရှိလာတဲ့ နှစ်မှသာ သူရဲ့ စွမ်းဆောင်ရည်ကို စတင် သတိထားမိ ကြတာဖြစ်ပြီး ယူနိုက်တက်နဲ့လည်း ခုမှ ဘောလုံးရာသီတစ်ခုကို စတင်နေရတာဖြစ်လို့ သူတို့နှစ်ဦးကြားမှာ ကွာဟမှုတွေက အမြောက်အများ ရှိနေရပါတယ်။

“ဟာလန်းနဲ့လား။ သူနဲ့ အခုလိုတွေ မနှိုင်းယှဉ်တာက ပိုကောင်းပါလိမ့်မယ်။ သူက ဘယ်လို ကစားသမားမျိုးလဲဆိုတာကို သက်သေပြထားခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း သူက အကောင်းဆုံး ဖြစ်နေတဲ့သူပါ။”

“တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သူ့လို အဆင့်အတန်းမျိုးကို ကျွန်တော် ရောက်ရှိလာနိုင်ပါတယ်။ ဒါပေမယ့် အခုကတော့ နှိုင်းယှဉ် ပြောဆိုဖို့ဆိုတာ အရမ်းစောလွန်းနေပါတယ်။ အာလင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်သေးဘူးဆိုရင်တောင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးပါ။” လို့ ဟွိုင်လန်းက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။