မန်စီးတီးရဲ့ အယ်လ်ဗာရက်ဇ် ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် အပြင် ဘာစီလိုနာကပါ စိတ်ဝင်စားလာ
ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဆုဖလားအပါအဝင် အဓိက ဆုဖလား ၃ လုံးကို ဆွတ်ခူးထားတဲ့ မန်စီးတီးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် လာလီဂါကလပ်အတွေဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်က အယ်လ်ဗာရက်စ် ကို အရင် စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာ ဘာစီလိုနာကပါ ဝင်ပါလာတာ ဖြစ်ပါတယ်။
နည်းပြ ဇာဗီရဲ့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက ဝါရင့်တိုက်စစ်ကစာသမား လီဝန်ဒေါစကီးရဲ့ နေရာတွင် အရန်အဖြစ် အသုံးပြုနိုင်ရန် တိုက်စစ်ကစာသမား ရှာဖွေနေပြီး မန်စီးတီး အသင်းတွင် အလားအလာမြင့်မားတဲ့ ခြေစွမ်းပြသထားတဲ့ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားစတား အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားလာပါတယ်။
ဘာစီလိုနာအသင်းက ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာရန် ခန့်မှန်းပြောဆိုမှုတွေ ရှိနေတဲ့ ဘရာဇီးဆယ်ကျော်သက် ကစားသမား ဗစ်တာရိုကွီအား ခေါ်ယူထားနိုင်ခဲ့ပေမဲ့ ကစားသမားက ဇန်နဝါရီမှသာ ကတ္တလန်ခြေစိုက်ကလပ်နဲ့ တရားဝင် ပူးပေါင်းနိုင်မှာ ဖြစ်တဲ့အပြင် ခြေကျင်းဝတ်ဒဏ်ရာပါ ရနေတာကြောင့် အခြားအစားထိုးတိုက်စစ်ကစားသမား ရှာဖွေလာတာ ဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ် အနေဖြင့် ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွင်း ခြေစွမ်းပြသနိုင်ခဲ့သလို ယခုနှစ်မှာ ကစားထားတဲ့ ပွဲစဉ်တွေအတွင်းမှာလည်း သွင်းဂိုး ၆ ဂိုးနဲ့ ဂိုး ဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းက အယ်လ်ဗာရက်ဇ်ကိုသာ ခေါ်ယူနိုင်ခဲ့ပါက အနာဂတ်တိုက်စစ်ပိုင်းတွင် အယ်လ်ဗာရက်ဇ်၊ ဗစ်တာရိုကွီတို့ပါဝင်တဲ့ တောင်အမေရိက တိုက်စစ်အတွဲကို ပုံဖော်လာနိုင်တာပဲ ဖြစ်ပါတယ်။