ဘလွန်းဒီအော ဆု ကို ဘယ်သူ ရမလဲ ရိုးရိုးသားသားပဲ ဖြေကြားပေးခဲ့တဲ့ စီးတီး ကွင်းလယ်လူ ရိုဒရီ

မန်ချက်စတာစီးတီး ကွင်းလယ် ကစားသမား ရိုဒရီက အသင်းဖော် အာလင်း ဟာလန်းအစား လီယွန်နယ် မက်ဆီက ယခုနှစ် ဘလွန်းဒီအော ဆုကို ရရှိလိမ့်မယ်လို့ တစ်ကြိုပေးခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးအတွက် ပွဲဦးထွက် ရာသီမှာပဲ သွင်းဂိုး ၅၂ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူ ပေးခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းကို သမိုင်းဝင် ဖလား ၃ လုံး တပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက စံချိန်မှတ်တမ်းတွေ တစ်ခုပြီး တစ်ခု ရိုက်ချိုးနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ချန်ပီယံလိဂ် ချန်ပီယံအဖြစ် ရာသီကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ရိုဒရီဟာ မန်ချက်စတာစီးတီးကို အစ္စတန်ဘူလ်မှာ အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရရှိပြီး ပထမဆုံးသော ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်စေမယ့် ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ရိုဒရီ ကိုယ်တိုင်လည်း ဘလွန်းဒီအော ဆန်ကာတင်ထဲမှာ ပါဝင်နေပေမယ့် ဒီဆုကို သူနဲ့ ဟာလန်းထက် မက်ဆီက ရသွားမယ် လို့ ၎င်းက ယူဆထားပါတယ်။

“ ဘလွန်းဒီအော ဆုကို ဘယ်သူ အနိုင်ရသွားမလဲ။ ကျွန်တော့်အတွက်ကတော့ လီယွန်နယ် မက်ဆီပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စပိန်သတင်းဌာန SPORT ကလည်း အင်တာ မိုင်ယာမီကြယ်ပွင့်ဟာ အာဂျင်တီးနားနဲ့ နောက်ဆုံးမှာ ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့ပြီးနောက် ၈ ကြိမ်မြောက် ဘလွန်ဒေါဆုကို ရရှိသွားလိမ့်မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော ဆုရှင်ကို လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ည ပဲရစ်မြို့က Theatre du Chatelet မှာ ကြေညာသွားမှာဖြစ်ပြီး ချဲလ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဂ်ဘာက စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကနေ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘလွန်ဒေါဆုကို ဥရောပအပြင်ဘက်ကနေ ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးသွားဖွယ်ရှိနေပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပတဲ့ ခြေစွမ်းနဲ့ သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ရွှေဘောလုံးဆုကိုလည်း အနိုင်ရရှိခဲ့ပြီးနောက် ဘလွန်းဒီအော ဆုအတွက် ရေပန်းအစားဆ ကစားသမားဖြစ်နေခဲ့တာ ဖြစ်ပါတယ်။