ရိုဒရီ ပြန်ပါလာပြီး အကွက်မိ၊ ဟာလန်း ဂိုးပေါက်ပြန်တွေ့၊ မန်ယူ စံချိန်ကို ချိုးခြင်းနဲ့ မန်စီးတီးရဲ့ ဘရိုက်တန်ကို ဂိုးပြတ် နိုင်တဲ့ ပွဲအကြောင်း
မန်စီးတီးအသင်းဟာ ဒီည အိမ်ကွင်း အီတီဟက်မှာ ဘရိုက်တန်ကို ရင်ဆိုင်ကစားပြီး အဲဗာရက်ဇ်၊ ဟာလန်းတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒါကြောင့် စီးတီးဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၂၁ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ဒီမှတ်တမ်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ကျော်ဖြတ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းမှာ အကြာဆုံးသော အိမ်ကွင်း နိုင်ပွဲဆက် စံချိန် ဖြစ်လာပါတယ်။
နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၂ ပွဲဆက်ကို အရေးနိမ့်ထားတဲ့ မန်စီးတီးဟာ ဂွာဒီယိုလာလက်ထက် ဘယ်တော့မှ ၃ ပွဲဆက် မရှုံးတဲ့ မှတမ်းကိုလည်း ဆက် ထိန်းနိုင်ခဲ့တယ်။
ဒီနေ့ပွဲမှာ ကွင်းလယ်မှာ ရိုဒရီ ပါဝင်လာမှုနဲ့အတူ မန်စီးတီးအသင်းက ဘရိုက်တန်ကို ခြေအသာဖြင့် ပြတ်ပြတ် သားသား ကစားပြခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်အတွင်း စီးတီးရဲ့ ခြေစွမ်းဟာ ချန်ပီယံအသင်းရဲ့ စွမ်းဆောင်ရည်မျိုး ပြန်ဖြစ်ခဲ့ပါတယ်။
ဘရိုက်တန်အသင်းက မန်စီးတီးကို ကြောက်ရွံ့စွာ ကစားနေခဲ့ရပြီး ဖိနှိပ်ခံထားရတဲ့ ကစားကွက်ကနေ လုံးဝ ဖောက်ထွက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဘရိုက်တန်ဟာ ကစားပုံကောင်းတဲ့ အသင်းဆိုပေမယ့် စီးတီးကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။
ဒိုကူရဲ့ ဖန်တီးပေးမှုကနေ အဲဗာရက်ဇ်က ဧရိယာအတွင်း ပိတ်သွင်းခဲ့ကာ ဦးဆောင်ဂိုး သွင်းခဲ့ပြီး လက်တလော ဂိုးပေါက်ပျောက်နေတဲ့ ဟာလန်းကလည်း နောက်ထပ် ၁၀ မိနစ်အတွင်း ဧရိယာထိပ်ကနေ အပြင်းကန်သွင်းကာ ဒုတိယဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ သိပ်မကောင်းလှဘဲ ဘရိုက်တန်တို့ ကစားပုံ ပြန်ဖော်လာနိုင်ခဲ့တယ်။ စီးတီးတို့ ဖိနှိပ်ထားတဲ့ ကစားကွက်ကို ကွင်းလယ်ကနေ ပြန်လှန်လာနိုင်ခဲ့သလို ပွဲချိန် ၇၀ ကျော်မှာ ဖာတီက ခြေပဂိုး သွင်းယူခဲ့ပါတယ်။
စီးတီးတို့ အသိတရား ပြန်ဝင်လာပြီး ပွဲကို ထိန်းချုပ်ပေမယ့် ၂-၁ အခြေအနေကြောင့် အနည်းငယ် စိုးထိတ်မှုတွေ ရှိလာနေခဲ့တယ်။ အခန်ဂျီက ပစ်ဒဏ်ထပ်ကျူးလွန်လို့ နှစ်ဝါ တစ်နီဖြင့် ထုတ်ခံရပေမယ့် ဘရိုက်တန်တို့ ခြေပဂိုး ပြန်ရဖို့တော့ အချိန်မရတော့ပါဘူး။
ဒီပွဲမှာ စီးတီးဟာ ပွဲကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အနည်းငယ် ကျဆင်းမှုကနေ ဘရိုက်တန်တို့ တုန့်ပြန်လာနိုင်ခဲ့တာပါ။ နောက်ဆုံး မိနစ်တွေမှာ ရင်ထိတ်ရမှုတွေ ရှိပေမယ့် ပွဲကို အနိုင်ရခဲ့ကာ အမှတ်ပေးဇယားကို လက်လွဲ ဦးဆောင်နေပြီ ဖြစ်ပါတယ်။