ဘရိုက်တန်နဲ့ ပွဲအပြီးမှာ ဂွာဒီယိုလာ ကိုယ်တိုင် သေချာ အမွှန်းတင် ချီးကျူးခဲ့ရတဲ့ မန်စီးတီး ကစားသမားသစ်

မန်ချက်စတာ စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက မနေ့က ဘရိုက်တန်နဲ့ ပွဲ အပြီးမှာ စီးတီး တောင်ပံ ကစားသမားလေး ဂျယ်ရမီ ဒိုကူရဲ့ စွမ်းဆောင်ရည်တွေအပေါ် ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံကစားသမား ဒိုကူဟာ ဒီနှစ်မှ ရန်းစ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနေ့က ဘရိုက်တန်နဲ့ပွဲမှာလည်း အယ်လ်ဗာရက်ဇ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးသွားခဲ့ပြီး ဒါက သူ့အတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ဂိုးဖန်တီးမှုလည်း ဖြစ်ခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ် ညာတောင်ပံ ကစားသမားက အယ်လ်အာလီအသင်းကို ပြောင်းရွှေ့သွားတဲ့ မာရက်ဇ်ရဲ့ နေရာမှာ အစားထိုးလာခဲ့တာဖြစ်ပြီး လက်ရှိ မန်စီးတီးအတွက် (၉)ပွဲ ကစားထားပြီးချိန် (၂)ဂိုးသွင်း (၂)ဂိုး ဖန်တီး ထားနိုင်ခဲ့ပါတယ်။

ကစားသမားသစ်လေး ဒိုကူရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက ခုလို ချီးကျူးခဲ့တာပါ။

“ ဒိုကူ က ထူးခြားတဲ့ တောင်ပံကစားသမားလေးတစ်ဦးပါ။ ထက်လည်း ထက်မြက်တယ်။ သူက အသင်းရဲ့ ပထမဂိုးကို ဂိုးစည်းရောက်ခါနီးကနေ ပေးပို့ ဖန်တီးပေးနိုင်ခဲ့တာကလည်း သူရဲ့ အရည်အသွေးပါပဲ။”

“သူ ကျွန်တော်တို့အသင်းဆီ ရောက်လာကတည်းက သူရဲ့ အသင်းအပေါ် အကောင်းဆုံး အကျိုးသက်ရောက်နိုင်မှုတွေ အတွက် ကျွန်တော် တကယ် နှစ်သက်မိရပါတယ်။ သူက ဒီနေရာမှာ အချိန်အကြာကြီး တောက်ပလာနိုင်မယ့် ကြယ်တစ်ပွင့်ပါပဲ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဒိုကူဟာ မန်စီးတီးအသင်းမှာ တောင်ပံနှစ်ဖက်လုံး လိုက်ပါ ကစားပေးလျက် ရှိနေသလို မနေ့က ဘရိုက်တန်နဲ့ ပွဲမှာဆိုရင်လည်း ကွင်းလယ်တန်းရဲ့ ဘယ်ခြမ်းမှာ ထွက်ကစားရင်း တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားပါ ဖြစ်ခဲ့ရပါတယ်။