မန်စီးတီးက အကောင်းဆုံး အသင်းပဲလို့ ကြွေးကြော်လိုက်တဲ့ တောင်ပံကစားသမားသစ် ဒိုကူ

ဘရိုက်တန်အသင်းကို စီးတီးက ၂-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် ပွဲထွက်ကစားပေးကာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ တောင်ပံ ကစားသမားလေး ဒိုကူ ကတော့ ၎င်းတို့အသင်းဟာ အကောင်းဆုံးအသင်း ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားခဲ့သလို ၎င်းတို့လိုအပ်နေတဲ့ ၃ မှတ်ကို အမိအရ ရယူနိုင်ခဲ့ပြီး ဘရိုက်တန် အသင်းကလည်း မန်စီးတီးထံမှ ရမှတ်တစ်မှတ်ပြန်လည်ရယူဖို့ ဒုတိယပိုင်း ပြီးခါနီးမိနစ်တွေမှာ အသည်းအသန်ကြိုးစားခဲ့ ကြပါတယ်။

အဆိုပါပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် သက်မှတ်ခံခဲ့ရတဲ့ ဒိုကူ ကတော့ ပြီးခဲ့တဲ့နွေကမှ ပေါင် ၅၅ သန်းနဲ့ စီးတီးထံ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး နည်းပြစိတ်တိုင်းကျ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

ဒိုကူ က ” ဒီနိုင်ပွဲက အမှတ်ပေးဇယားအတွက်လောက်သာမဟုတ်ပဲ ကျွန်တော်တို့အားလုံးအတွက် တကယ်အရေးပါလွန်းခဲ့ပါတယ်၊ ဒီပွဲက တော်တော်လေး ခက်ခဲခဲ့ပေမယ့် ကျွန်တော်တို့အသင်းက အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာ ပြသနိုင်ခဲ့ကြပါတယ်၊ ကျွန်တော်တို့အသင်းက တကယ်လည်း အကောင်းဆုံးအသင်းပါ။

ဒါကို သက်သေပြနိုင်ဖို့ ကျွန်တော်တို့ အမြဲတမ်းကြိုးစားပြနေရပါမယ်၊ ဘာပဲပြောပြော ဒီနေ့ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ကြပါတယ်” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အဆိုပါပွဲမှာ ၂ ဂိုးပြတ် စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဖက်တီရဲ့ ပြန်လည်ချပ ဂိုးကြောင့် ဒုတိယပိုင်းမိနစ်တွေမှာ ဘရိုက်တန်ရဲ့ ပြန်လည်ဖိအားပေးခံခဲ့ရပြီး အကန်ဂျီလည်း အနီကဒ်ပြထုတ်ပယ်ခံခဲ့ရတာ တွေ့ရပါတယ်။