မန်ယူအသင်းကို တောင်းပန်ရအောင် လုပ်ခဲ့တဲ့ ပရိသတ်ကို မန်စီးတီးအသင်း အရေးယူမည်

မန်စီးတီးအသင်းဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ဂန္တဝင် ကစားသမားကြီး Sir Bobby Charlton ကို လှောင်ပြောင်ခဲ့တဲ့ အသင်း ပရိသတ်တွေကြောင့် ဘော်ဘီချာတန်ရဲ့ မိသားစုကို တောင်းပန်မှု ပြုလုပ်ခဲ့ရပါတယ်။

စနေနေ့မှာ အင်္ဂလန်နဲ့ ယူနိုက်တက် ဂန္တဝင်ကြီး ကွယ်လွန်သွားခဲ့တာပါ။ အဆိုပါနေ့ ဘရို်က်တန်ကို အနိုင်ရတဲ့ပွဲမှာ မန်စီးတီး ပရိသတ်တွေဟာ ကွယ်လွန်သွားတဲ့ ဘော်ဘီချာတန်ကို ထိုးနှက် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စီးတီးပရိသတ်​တွေ အော်ဟစ် လှောင်ပြောင်နေတဲ့ ဗီဒီယို လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့နောက် မန်စီးတီးဘက်က ချာတန်မိသားစုကို တရားဝင် တောင်းပန်ခဲ့ရပြီး အော်ဟစ်မှု လုပ်ခဲ့ကြသူတွေကို ရှာဖွေကာ ကွင်းဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

တူညီတဲ့ရက်မှာပဲ မန်စီးတီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ၎င်းတို့ ဂန္တဝင် ကစားသမားဟောင်း Francis Lee ကို အောက်မေ့ ဆုတောင်းပေးနေစဉ်မှာပဲ ပြိုင်ဘက် ဂန္တဝင် ကစားသမား ကွယ်လွန်မှုကို မလေးမစား လုပ်တဲ့ဖြစ်ရပ် ထွက်ပေါ်ခဲ့တာပါ။

မန်စီးတီးကတော့ ယူနိုက်တက်အသင်းကိုပါ တောင်းပန်သွားခဲ့သလို အဆိုပါ ပရိသတ်တွေကို ဖော်ထုတ်ကာ အရေးယူသွားမယ်လို့ပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။