ကစားရခက်တဲ့ ကွင်းမှာ ယန်းဘွိုင်းစ်ကို မန်စီးတီးတို့ အေးဆေး အနိုင်ယူပစ်လိုက်တဲ့ ပွဲ အကြောင်း

ညက အဝေးကွင်းမှာ ယန်းဘွိုင်းစ် အသင်းကို မန်ချက်စတာစီးတီးအသင်းက ချန်ပီယံလိဂ် အုပ်စုပွဲ သွားရောက် ရင်ဆိုင်ခဲ့ရာ ၃-၁ နဲ့ နိုင်ပွဲကောင်း ရခဲ့ပြီ ဖြစ်ပါတယ်။
စီးတီး အနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ရိုဒရီ၊ ကိုဗာချစ်၊ မက်သီယူးစ် နူးနက်စ်၊ ဒိုကူးနဲ့ ကိုဗာချစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ အထောင်ထားလာခဲ့တာဖြစ်ပါတယ်။
မန်ယူနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်တာကြောင့် မန်စီးတီးတို့အနေနဲ့ အယ်လ်ဗာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂွါဒီယောလ်၊ ဂျွန်စတုန်းစ်နဲ့ ဝေါ်လ်ကာတို့လို ကစားသမားတွေကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဆွစ်ဇာလန်မှာ ကစားတဲ့ပွဲကို အားသိပ်မထည့်ခဲ့ပေမယ့် သူတို့ကစားနေကျ ပုံစံကတော့ ယန်းဘွိုင်းစ်တို့ကို ကောင်းကောင်း ထိုးနှက်နိုင်ခဲ့ပြီး ဒိုကူး၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ အဆုံးသတ် မသေချာခဲ့လို့သာ ပထမပိုင်းမှာ ဂိုး မရခဲ့တာပါ။
ဒုတိယပိုင်းစပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘော နှစ်ကြိမ်ဆက်ရရာကနေ ဘယ်ခြမ်းကို ကျလာတဲ့ ဘောလုံးကို ရိုဒရီ ပြန်ရပြီး ဂိုးရှေ့ဖြတ်တင်ပေးရာမှာ ရူဘင် ဒီယက်စ်ရဲ့ ခေါင်းတိုက်ချက်က ဘားထိပြီး ပြန် ကျလာတာကို အာကန်ဂျီက ပိတ်သွင်းပြီး ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲက အနီကတ်အတွက် ပေးဆပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးတို့ ဦးဆောင်မှုက ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၅၂ မိနစ်မှာတော့ ယန်းဘွိုင်းစ်တို့ ချေပသွားခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ် ကနေ နီယာဆေးက မန်စီးတီးခံစစ်ကို ကျော်ပြီး တင်ပေးလိုက်တဲ့ ဘောလုံးကို အီလီယာက လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားပြီး ရှေ့တက်လာခဲ့တဲ့ ဂိုးသမား အီဒါဆန်ပေါ်ကနေ မ,တင်ပြီး သွင်းယူသွားခဲ့တာပါ။
ပွဲချိန် ၆၇ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရိုဒရီကို ယန်းဘွိုင်းစ်နောက်ခံလူ ကာမာရာက ဧရိယာထဲမှာ ဘောလုံးမထိဘဲ ခြေထောက်ကို ဖျက်မိလို့ ရခဲ့တဲ့ ပင်နယ်တီကို ဟားလန်းက ညာဘက်ကို ပြပြီး အလယ်ကို ကန်သွင်းယူခဲ့ရာမှာ ကန်ချက်က သိပ်မတိကျခဲ့ပေမယ့် ဂိုးသမားကို အနိုင်ယူဖို့တော့ လုံလောက်ခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာ မန်စီးတီးတို့ဘက်က ဒိုကူး၊ မက်သီယူးစ် နူးနက်စ်တို့အစား ဘာနာဒို ဆေးလ်ဗားနဲ့ အယ်လ်ဗာရက်ဇ်တို့ကို လဲကစားသွားခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ်က ကွင်းထဲရောက်ပြီး နှစ်မိနစ်အကြာမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့ Build-up Play မှာ ရိုဒရီ ပြစ်ဒဏ်ကျူးလွန်ခြင်း မရှိခဲ့ပေမယ့် ဘောလုံးထိန်းရာမှာ လက်ထိခဲ့တဲ့ ဂရီးလစ်ရှ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ပွဲချိန် ၈၆ မိနစ်မှာတော့ မန်စီးတီးတို့အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ရိုဒရီ ပြန်ရသွားခဲ့ပြီး ဧရိယာထဲကို ထိုးပေးခဲ့ရာမှာ ဟားလန်းက သူ့ကို ပိတ်ထားတဲ့ ယန်းဘွိုင်းစ်နောက်ခံလူကို ဘယ်ခြေနဲ့ တစ်ချက်ခေါက်ပြီး ညာခြေနဲ့ ထောင့်ထဲကို ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့က သုံးဂိုး-တစ်ဂိုးနဲ့ ဆွစ်ဇာလန်မြေ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး မန်ချက်စတာ ဒါဘီမတိုင်ခင် အင်ပြည့် အားပြည့် စိတ်အားတက်စေခဲ့ပြီ ဖြစ်ပါတယ်။
ယန်းဘွိုင်းစ်တို့ ကွင်းဟာ မြက်ခင်းတုကွင်း ဖြစ်တာကြောင့် ကစားသမားတွေ အနာတရာ ဖြစ်မှာ၊ ကစားရခက်မှာ ဂွာဒီယိုလာ စိုးရိမ်ဟန်ပြခဲ့ပေမယ့် အဆင်ပြေပြေပဲ ပြီးဆုံးသွားပါတယ်။