မန်ချက်စတာ ဒါဘီပွဲအပြီး မန်စီးတီးကို ကျေကျေနပ်နပ်ကြီး အရှုံးပေးစကား ပြောဆိုသွားတဲ့ ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီနေ့ည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ မြို့ခံ ပြိုင်ဘက် မန်စီးတီးကိုမှ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်ရဲ့ အသင်းဟာ မန်စီးတီးကို အဘက်ဘက်ကနေ လုံးဝ မယှဉ်နိုင်ဘဲ ကျရှုံးခဲ့ရတာပါ။ ၃ ဂိုးလောက်နဲ့ ပြီးသွားတာကို ကျေနပ်ရမယ့် သဘော ဖြစ်နေပါတယ်။

သရဲနီဟောင်းကြီး ဂယ်ရီနဗီးကဆိုရင် ” ဒုတိယပိုင်း ခြေစွမ်းအရ မန်စီးတီးတို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်၊ ယူနိုက်တက်ကလည်း ရှုံးဖို့ ထိုက်တန်ခဲ့ပါတယ် ” လို့ ပွဲချိန်တွင်းမှာ ပြောဆိုသွားတာပါ။

ဒီပွဲအတွက် ဘီဘီစီကတော့ ” စီးတီးထံက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ။ ဖိုဒန်ရဲ့ သွင်းဂိုးမှာဆိုရင် ဂိုးထဲကို ဘောလုံးမထည့်ခင် သူတို့ ပေးချက်တွေ အများကြီးကို လုပ်သွားခဲ့တာပါ။

မန်ယူနိုက်တက်က စီးတီးကို ယှဉ်ပြိုင်ဖို့ နည်းနည်းလေးတောင် မနီးစပ်ခဲ့ပါဘူး၊ သူတို့က မန်စီးတီးကို ပြိုင်နေတယ် ဆိုရုံလောက် ကစားနေတာပါ။ ဒီပွဲက လွယ်လွန်းပါတယ်။ တစ်ဖတ်သတ်ဆန်တဲ့ ပွဲတစ်ပွဲပါပဲ။ ၃ ဂိုးလောက်နဲ့ပဲ ရှုံးခဲ့တာအတွက် မန်ယူနိုက်တက်တို့ ကျေနပ်နေပါလိမ့်မယ် ” လို့ ဖော်ပြသွားခဲ့ပါတယ်။

ဒါဘီပွဲအပြီးမှာ မန်စီးတီးဟာ ရမှတ် ၂၄ မှတ်ဖြင့် ဇယားထိပ်က စပါးနောက် ၂ မှတ်အကွာမှာ ဆက်ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ၁၅ မှတ်ဖြင့် အဆင့် ၄ နေရာနဲ့ကို ၈ မှတ် ပြတ်နေခဲ့ပြီ ဖြစ်ပါတယ်။