မန်စီးတီး တဟုန်ထိုး တိုးတက်အောင်မြင်လာခြင်းရဲ့ လျှို့ဝှက်ချက်အား မန်ချက်စတာ ဒါဘီနိုင်ပွဲ အပြီး ပက် ဖော်ထုတ် ပြောဆို

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက ယမန်နေ့ညက မန်ချက်စတာဒါဘီ နိုင်ပွဲအပြီး မန်စီးတီးရဲ့အောင်မြင်မှု နောက်ကွက်ယ်က လျှို့ဝှက်ချက်ကို ထုတ်ပြောရင်း မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ခနဲ့သွားခဲ့ပါတယ်။

နည်းပြ ဂွါဒီယိုလာဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးကို သုံးဂိုးပြတ် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ပွဲအပြီးမှာ မန်စီးတီးအသင်းနဲ့ ယူနိုက်တက်ကြား ကွာဟချက်ကို မေးမြန်းရာမှာ ဂွါဒီယိုလာက ခုလို တုန့်ပြန်ခဲ့တာပါ။

“ကျွန်တော်တို့ လမ်းကြောင်း တစ်ခုတည်းပေါ်မှာ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ဒါက စီးအီးအိုရော၊ အားကစား ဒါရိုက်တာတွေရော၊ ဥက္ကဌကြောင့်ရော ပါပါတယ်။ ဒါကြောင့် အသင်းက အရမ်း တည်ငြိမ်နေတာလို့ ထင်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာ လက်အောက်မှာ ဆုဖလား ၁၂လုံး အထိ ဆွတ်ခူးကာ အလွန် အောင်မြင်နေခဲ့ပြီ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ယူနိုက်တက် ပိုင်ရှင် ဂလေဇာနဲ့ ပရိသတ်တွေကြာ အမြဲလိုလို ပြဿနာတွေဖြစ်ပွားနေပြီး ကာတာ စော်ဘွား ရှိတ်ဂျာဆန်ရဲ့ ကမ်းလှမ်းမှု ပျက်ပြယ်ခဲ့ခြင်းနဲ့အတူ နေ့စဉ်ဝေဖန်မှုတွေ မြင့်တက်လျက် ရှိနေပါတယ်။