မန်ချက်စတာ ဒါဘီမှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး ပရီးမီးယားလိဂ် စီနီယာကြီးတွေနဲ့ အပြိုင် စံချိန်သစ်တွေ ရသွားတဲ့ ဟာလန်း

မန်စီးတီးအသင်းရဲ့ ဂိုးသွင်းစက် ဖြစ်တဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ မနေ့ညက မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီပွဲမှာ ခြေစွမ်းပြပြီး ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၆ မိနစ်မှာ ပယ်နယ်တီကနေ ဟာလန်းက သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၄၉ မိနစ်မှာ ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အဲဒီနောက် မိနစ် ၈၀ မှာ ဖိုဒန် တတိယဂိုးသွင်းနိုင်အောင် ဟာလန်းက ဖန်တီးပေးခဲ့ပြီး သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ရာသီ အစ်တီဟတ်မှာ ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာလည်း ဟက်ထရစ်ကိုယ်စီ သွင်းယူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရာသီကမှ မန်စီးတီးအသင်းကို ရောက်ရှိခဲ့တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ၃ ပွဲ(ပြိုင်ပွဲစုံမှာ ၄ ပွဲ)သာ ကစားရသေးပေမဲ့ မန်ချက်စတာဒါဘီသမိုင်းတစ်လျှောက် သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားထိပ်ဆုံး ၅ ဦးစာရင်းမှာ ပါဝင်လာပြီဖြစ်ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းဘက်ကို ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး သွင်းဂိုး ပါဝင်ပတ်သက်မှု ၈ ဂိုးအထိရှိသလို မန်စီးတီး ဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုး (၁၃ ပွဲ၊ ၈ ဂိုး)နဲ့ အရေအတွက် တူညီသွားပါပြီ။

ဟာလန်းထက် သွင်းဂိုးပါဝင်ပတ်သက်မှု ပိုများတာဆိုလို့ ယူနိုက်တက်ဂန္ထဝင်တွေဖြစ်ကြတဲ့ ရွန်နီ (၂၁ ပွဲ၊ ၉ ဂိုး)၊ ကန်တိုနာ (၆ ပွဲ၊ ၁၀ ဂိုး)၊ ရိုင်ယန်ဂစ် (၂၉ ပွဲ၊ ၁၃ ဂိုး)တို့သာ ရှိပါတော့တယ်။

အခုဆိုရင် ဟာလန်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းပွဲတွေမှာ ပွဲအရေအတွက်အနည်းဆုံးနဲ့ သွင်းဂိုး ၂၀ ပြည့် မှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ပြီဖြစ်ပါတယ်။

ယူနိုက်တက်ကို သွင်းယူခဲ့တဲ့ ၂ ဂိုးအပါအဝင် ပရီးမီးယားလိဂ်အဝေးကွင်း ၂၃ ပွဲမှာ ဟာလန်းက ဂိုး ၂၀ ပြည့်ခဲ့ပြီး ဆန်းဒါးလန်းနာမည်ကျော် တိုက်စစ်မှူးဟောင်း ကီဗင်ဖိလစ် (၂၈ပွဲ)ကို ကျော်ဖြတ်ပြီးတော့
အခုလို စံချိန်မှတ်တမ်းကောင်း စိုက်ထူနိုင်ခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲပေါင်း ၄၀ နဲ့အထက် ကစားခဲ့သူတွေထဲမှာ ဟာလန်းက ပျမ်းမျှ သွင်းဂိုး/ဂိုးဖန်တီးမှု ရာခိုင်နှုန်းအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြန်ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုပြုလုပ်ဖို့ ပျမ်းမျှ ၆၄ မိနစ်သာ အချိန်ယူရပြီး ဒါက ပရီးမီးယားလိဂ်ဂန္ထဝင်တွေဖြစ်ကြတဲ့ အွန်နရီ (၈၆ မိနစ်)၊ အဂွဲရိုး (၈၆ မိနစ်)၊ ဗန်ပါစီ (၁၀၂ မိနစ်)နဲ့ လက်ရှိ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ (၉၃ မိနစ်)တို့ထက်တောင် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။