စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ တိုက်စစ်မှူး ဟာလန်းတို့အား အမြင်မကြည်ဖြစ်နေခဲ့တဲ့ မန်ယူ ကစားသမားဟောင်း
အိုးလ်ထရက်ဖို့ဒ်မှာ ကစားသွားတဲ့ မန်ချက်စတာဒါဘီပွဲမှာ လက်ရှိ ဖလား ၃လုံး ချန်ပီယံ မန်စီးတီးက အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကို ၀ – ၃ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။
အဆိုပါပွဲမှာ ဟာလန်းရဲ့ ခြေစွမ်းပြသွင်းဂိုးနှစ်ဂိုး၊ ဖိုဒန်ရဲ့ သွင်းဂိုးနဲ့အတူ မန်စီးတီးက သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ မန်ယူဂိုးသမား အိုနာနာက ဟာလန်းနဲ့ မန်စီးတီးရဲ့ အပိုင်အခွင့်အရေး အချို့ကို ကာကွယ်နိုင်ခဲ့လို့သာ ယူနိုက်တက်တို့ ဆိုးဆိုးရွားရွား ဂိုးပြတ်မရှုံးခဲ့တာပါ။
အိမ်ရှင်ဖက်က ပြိုင်ဖက် ဂိုးသမားကို ကာကွယ်မှု အနည်းငယ် လုပ်စေခဲ့တာက လွဲရင် ၊ ခြေစွမ်းပိုင်း ၊ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာ ဧည့်သည်ကို တပွဲလုံး မယှဉ်နိုင်ခဲ့ပါဘူး။ ဒါဘီပွဲအပြီး ဟာလန်းနဲ့ ဂွါဒီယိုလာတို့ အိုထရတ်ဖိုဒ့်ကွင်းထဲမှာ နည်းစနစ်ပိုင်း ဆက်ဆွေးနွေးနေခြင်းကို ဂယ်ရီနဗီးက မကျေမနပ်ဖြစ်နေခဲ့တယ်။
ကွင်းထဲမှာ ပြုံးပျော်နေကြတဲ့ ဂွာဒီယိုလာတို့ကို မကျေမနပ်ဖြစ်နေတဲ့ နဗီးကတော့ “ ဒါတွေအကုန်လုံးက ရှိုးပြရုံသက်သက်ပါပဲ။ သူတို့ ဒီအကြောင်းကို အဝတ်လဲခန်းထဲမှာ ပြောလို့မရဘူးလား။
ခေါင်းတိုက်တဲ့အလုံးက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ဒီအေကြာင်းကို ငါးမိနစ်လောက် ဆက်ပြောနေစရာ မလိုပါဘူး။ အထဲဝင်ပြီး နိုင်ပွဲအတွက် အောင်ပွဲခံနေလို့ရပါတယ်” လို့ နာကျင်စွာ ပြောဆိုသွားတာ ဖြစ်ပါတယ်။
