ပရီးမီးယားလိဂ် ၁ဝ ပွဲ ကစားပြီးချိန်မှာ ချန်ပီယံ ဘယ်အသင်း ဖြစ်ဖို့ အလားအလာ အကောင်းဆုံးလဲ ကာရေဂါ သုံးသပ်
လက်ရှိ ပရီးမီးယားလိဂ် ၁ဝ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားကို တော့တင်ဟမ် စပါးအသင်းက ဦးဆောင်နေပြီး ဒုတိယ နေရာမှာ အာဆင်နယ်၊ တတိယနေရာမှာ ရမှတ်တူနဲ့ မန်စီးတီး ရှိနေပါတယ်။
အဲဒီနောက် အဆင့် ၄ မှာ လီဗာပူး၊ ၅ မှာ အက်စတွန်ဗီလာတို့ကလည်း ကပ်လိုက်နေတာပါ။ ပရီးမီးယားလိဂ် ဖလား အတွက် အာဆင်နယ်၊ လီဗာပူးကလည်း မန်စီးတီးနဲ့အပြိုင် ဖိအားပေးနေပေမယ့် ဒီရာသီ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ ရင်ခုန်စရာ ဖြစ်နေပါတယ်။
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါ ကတော့ မန်ချက်စတာ ဒါဘီမှာ ထူးချွန်ခြေစွမ်းတွေဖြင့် အနိုင်ယူသွားတဲ့ မန်စီးတီးကပဲ ဒီရာသီ ချန်ပီယံဖြစ်လာဦးမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။
မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလား ဆိုတဲ့ မေးခွန်းအတွက် လီဗာပူးခံစစ်မှူးဟောင်းက ခုလို ပြောဆိုလာတာပါ။
” သေချာတာပေါ့၊ စီးတီးက ရေပန်းစားနေမှာပါ။ ဒါက ဆွေးနွေးငြင်းခုံနေဖို့ကို မလိုတာပါ။ မန်ချက်စတာ ဒါဘီလို ပွဲကြီးပွဲကောင်းမှာ သူတို့က လူတိုင်းကို မန်စီးတီးက ဘယ်လောက်ကောင်းတဲ့ အသင်းတစ်သင်းလံ ဆိုတာနဲ့ အနိုင်ယူဖို့ မလွယ်တဲ့ အသင်းဆိုတာ ပြသခဲ့ပါတယ်။
လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို အလေးအနက် စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီ ကျနော် မထင်ပါဘူး။ မနှစ်ကရာသီ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ကို စိန်ခေါ်ခဲ့ပြီး ဒီရာသီ တာထွက်ကောင်းနေပေမယ့် လက်တလော ကစားနေတဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ ရာသီကလောက် ကောင်းတယ် မထင်မိသေးဘူး။
မန်စီးတီးက ပရီးမီးယားလိဂ်ကို သက်သောင့်သက်သာနဲ့ အနိုင်ရသွားဦးမယ်လို့ ကျနော် တကယ်ပဲ ထင်နေမိပါတယ်။ ကျနော်ကတော့ စီးတီးပဲ ချန်ပီယံဖြစ်လာဦးမယ် ထင်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
