ဘလွန်းဒီအော ရွှေဘောလုံး ဆု ကို သိမ်းပိုက်သွားတဲ့ မက်ဆီ အား ဂုဏ်ပြုပေးလိုက်တဲ့ အာလင်း ဟာလန်း

၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီနဲ့ ချန်ပီယံလိဂ်အပါအဝင် အဓိက ဆုဖလား ၃ လုံးအထိ ဆွတ်ခူးရယူထားနိုင်ခဲ့တဲ့ နော်ဝေ တိုက်စစ်မှူး ဟာလန်းတို့အနေဖြင့် ရွှေဘောလုံး ဆွတ်ခူးနိုင်ရေး အတွက် ထိပ်ဆုံးမှ အပြိုင် ရေပန်းစားနေခဲ့ကြပြီး ဆုချီးမြှင့်ခံလိုက်ရတဲ့ မက်ဆီကို မန်းစီးတီးကြယ်ပွင့် ဟာလန်းက ဂုဏ်ပြုစကား ဆိုလိုက်ပါတယ်။

မက်ဆီအတွက် ခမ်းနားတဲ့ သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးနိုင်ရေးအတွက် ၈ကြိမ်မြောက် ရွှေဘောလုံးဆု ရရန် ခရီးလမ်းမှာ ပြိုင်ဘက် အနေဖြင့် မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဟာလန်းက အဓိက နေရာကနေ ပါဝင်အားပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းက မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပေးအပြီးမှာ သွင်းဂိုး ၅၂ဂိုး အထိ သွင်းယူကာ မန်ချက်စတာကလပ်ကို ဥရောပ ကလပ်အသင်းတွေ အကြား ခမ်းနားတဲ့ သမိုင်းတစ်ရပ် ရေးထိုးနိုင်စေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့တစ်ဝှမ်းမှ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအကြား တန်ဖိုးအထားဆုံး တစ်ဦးချင်းဆုတံဆိပ်လို့ ရည်ညွှန်းနိုင်တဲ့ ရွှေဘာဘောလုံးဆုကို ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ကာရင်ဘန်ဇီးမားက ဆွတ်ခူးရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် မက်ဆီ၊ ဟာလန်းတို့နဲ့ အနီးစပ်ဆုံး‌ ရေပန်းစားခဲ့တာက အရည်အသွေးမြင့် ပြင်သစ်ကြယ်ပွင့်ကစားသမား အမ်ဘာပေနဲ့ ဟာလန်းရဲ့ မန်စီးတီးအသင်းဖော် ဒီဘရိုင်းတို့ပဲ ဖြစ်ပါတယ်။

၈ ကြိမ်မြောက် ရွှေဘောလုံးဆုဆွတ်ခူးအပြီး အင်စတာဂရမ်တွင် မက်ဆီတင်ထားတဲ့ ပုံအား ဟာလန်းက အသုံးပြုကာ ‘ဂုဏ်ယူပါတယ် လီယိုရေ’ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ နော်ဝေလ်ဘာသာစကားဖြင့် ရေးသားပြီး ရွှေဘောလုံးဆု အတွက် ပြိုင်ဘက်ဖြစ်ခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။