မန်ချက်စတာဒါဘီမှာ ရုပ်ဆိုးခဲ့တဲ့ ဒိုကူ ဖြစ်ရပ်အတွက် မန်ယူအသင်းခေါင်းဆောင်ကို ဝေဖန်

မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ဒိုကူကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အန်တိုနီရဲ့လုပ်ရပ်အတွက် အဓိက တာဝန်ရှိသူဟာ မန်ယူ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ပဲ ဖြစ်တယ်လို့ အီယန်ရိုက်က အပြစ်တင် ပြောဆိုလိုက်ပါတယ်။
မန်ယူ တောင်ပံကစားသမား အန်တိုနီဟာ အဆိုပါ ၀-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ လူစားဝင်ရောက်လာပြီးနောက် မန်စီးတီးတောင်ပံကစားသမား ဒိုကူနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာခဲ့ပေမယ့် အနီကတ် ပြသခံခဲ့ရခြင်း မရှိပါဘူး။
အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က အန်တိုနီက ရှက်စရာကောင်းတဲ့ လုပ်ရပ် လုပ်ခဲ့တယ်လို့ အပြစ်တင်ခဲ့ပြီး အသင်းခေါင်းဆောင် ဖာနန်ဒက်စ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ယခုအခါ အိုဝင်ဟားဂရေ့ဗ်စ်နဲ့ အီယန်ရိုက်တို့ကလည်း နဗီးလ်လိုပဲ ကိုယ့်ကစားသမားကို မထိန်းဘဲ ပြိုင်ဘက်ကို ပြဿနာရှာခွင့်ပြုခဲ့တဲ့ ဖာနန်ဒက်စ်ကို အပြစ်တင်လာခဲ့ပါတယ်။
အီယန်ရိုက်ကပဲ ” အန်တိုနီက ဒါမျိူးကို ခဏခဏလုပ်ပါတယ်။ ဒါက သူ့ပုံစံပါပဲ။ ပြိုင်ဘက်အသင်းက ဘောလုံးပိုင်ဆိုင်မှုကောင်းကောင်း ရှိနေရင် လိုက်လုနေမယ့်အစား နေရာလွတ်တွေကို ပိတ်ဆို့ထားတာက ပိုကောင်းပါတယ်။ အထူးသဖြင့် မန်စီးတီးလိုအသင်းမျိုးနဲ့ ကြုံတွေ့ရရင်ပေါ့” လို့ ဆက်ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို စိတ်ထဲရှိနေတဲ့ ဒိုကူ ကတော့ ပွဲအပြီးမှာ အန်တိုနီနဲ့ ပြဿနာတက်နေတဲ့ပုံနဲ့အတူ “စိတ်အေးအေးထားပါ။ မန်ချက်စတာက အပြာရောင်ပဲ”လို့ လှောင်ပြောင်ရေးသားခဲ့သလို စီးတီးအသင်းဖော်တွေကလည်း အိုထရတ်ဖိုဒ့်ကွင်းထဲမှာ အားရပါးရ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။