အီတီဟက်မှာ ဘုန်းမောက်ကို ဂိုးဒါဇင်ဝက်သွင်းပြီး ရှယ်ပြတ်နိုင်ကာ မန်စီးတီး အမှတ်ပေးဇယား ထိပ် ပြန်တက်သွားတဲ့ ပွဲ အကြောင်း
မန်ချက်စတာစီးတီးအသင်းကတော့ မနေ့ညက ဘုန်းမောက်နဲ့ အတွေ့မှာ မညှာတမ်း တမုန်း ဂိုးတွေ သွင်းပြီး ၆-၁ နဲ့ အပြတ်အသတ် နိုင်ခဲ့ပါတယ်။
စီးတီးက ဒီပွဲ မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ အာကန်ဂျီနဲ့ အာကေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်ချ်၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကို တစ်ဦးတည်း အထောင်ထားလာခဲ့တာဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အာကေ ပေးတဲ့ ဘောလုံးကို ရလာတဲ့ ဒိုကူးက ဘယ်တောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ရိုဒရီနဲ့ ဝမ်းတူးရိုက်ပြီးမှ ဧရိယာထဲကနေ အလျင်အမြန် ကန်သွင်း ယူသွားနိုင်ခဲ့တာကြောင့် ဘုန်းမောက်ဂိုးသမား အငိုက်မိသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တစ်ကွင်းလုံး သူမရောက်တဲ့နေရာ မရှိအောင်ဖြစ်နေတဲ့ ဒိုကူးက ညာတောင်ပံကို ရောက်လာခဲ့ပြီး ဝေါ်လ်ကာ ပေးတဲ့ ဘောလုံးကို ဧရိယာထဲကနေ အနိမ့်ဘော Cut Back လုပ်ပေးရာမှာ ဘာနာဒို ဆေးလ်ဗားက ဘယ်ဘက်တိုင်ခြေကို ကန်သွင်း ယူသွားခဲ့တာပါ။
ပွဲချိန် ၃၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယဂိုးနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘော ကနေ အတိုပေးပြီး ဘာနာဒို ဆေးလ်ဗားက ဧရိယာထိပ်ကို ခင်းပေးတဲ့ ဘောလုံးကို ဒိုကူးက ကန်သွင်းဖို့ ကြိုးစားရာမှာ သူ့ရဲ့ ဂိုးပေါက်မတည့်တဲ့ ကန်ချက်က ဂိုးရှေ့မှာ နေရာယူထားတဲ့ အာကန်ဂျီကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် ၇ မိနစ်အတွင်း ရလိုက်တဲ့ ၃ ဂိုးနဲ့ ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာတော့ ဒဏ်ရာအနည်းငယ် ရသွားတဲ့ ဟားလန်းတစ်ယောက် ကွင်းထဲကို ပြန်ရောက် မလာတော့ဘဲ ဖိုဒန်ပဲ ဝင်လာခဲ့တာကြောင့် ဖန်တက်ဆီ ကစားသူတွေ စိတ်ပျက်ခဲ့ကြရပြီး ဘုန်းမောက်တို့ကတော့ အီတီဟက် မှာ အရှက်မကွဲရအောင် ခံစစ်သမားတွေပဲ ထပ်ထည့်ပြီး ပိတ်ကစားဖို့ လုပ်လာခဲ့တာပါ။
အခွင့်အရေးတချို့ကို ဖြုန်းတီးပစ်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ စီးတီးတို့ပဲ စတုတ္ထဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့သလို ဒီဂိုး ကိုတော့ ဘယ်တောင်ပံက ဘောလုံးရသွားတဲ့ ဒိုကူးက သူ့ကို ပေးခဲ့တဲ့ ဖိုဒန်ဆီကိုပဲ ဧရိယာထဲကို ပြန်ခင်းပေးခဲ့ရာမှာ ဖိုဒန်က ဘုန်းမောက်ခံစစ်မှူး ကယ်လီ ပိတ်ထားတဲ့ကြားထဲက အနိမ့်ဘော ကန်သွင်း သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၄ မိနစ်မှာတော့ ဘုန်းမောက်တို့ နှစ်သိမ့်ဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန် တိုက်စစ်ကနေ မန်စီးတီး လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ နောက်ခံလူ အာရွန်စ်က ညာတောင်ပံကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ လူစားဝင် တောင်ပံသမား ဆီနီစတယ်ရာက တစ်ချက်ခေါက်ပြီး ကန်သွင်းခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။
ပွဲချိန် ၈၃ မိနစ်မှာ မန်စီးတီးတို့ပဲ ပဉ္စမ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ခံစစ်ဇုန်မှာ ဘောလုံးပြန်ရခဲ့တဲ့ ဒိုကူးရဲ့ အကွက်မြင် လှပလွန်းတဲ့ ပေးပို့မှုကို ညာတောင်ပံကနေ ပြေးတက်သွားခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက ရယူပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အသာလေး ကျော်ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ၈၈ မိနစ်မှာတော့ အိမ်ရှင်တွေအတွက် ဂိုးဒါဇင်ဝက် ပြည့်စေမယ့် ပွဲသိမ်းအနိုင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး နူးနက်စ်က ဧရိယာထဲကို ခင်းပေးခဲ့တဲ့ ဘောလုံးကို လူစားဝင်ကစားသမား အော်စကာ ဘော့ဘ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ အာကေက ဒိုက်ဗင်ထိုး ခေါင်းတိုက်ချက်နဲ့ ပိတ်သွင်း သွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘုန်းမောက်တို့ကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအပြီး တဖက်မှာ အာဆင်နယ် ရှုံးနိမ့်ကာ၊ စနေနေ့ စပါးလည်း ပွဲ မကစားရသေးတာကြောင့် မန်စီးတီးက အမှတ်ပေးဇယား ပထမ နေရာကို ပြန်လည် သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။