မထင်ထားလောက်အောင် အစွမ်းပြနေတဲ့ ဒိုကူ ကို ဂွာဒီယိုလာတောင် မနေနိုင်ဘဲ ထုတ်ပြောလာရပါပြီ

ပြီးခဲ့တဲ့ စနေနေ့ ဘုန်းမောက်နဲ့ ပွဲမှာ မန်စီးတီး အတွက် ၇ မိနစ် အတွင်း ၁ ဂိုးသွင်း ၂ဂိုး ဖန်တီး ပြလိုက်တဲ့ စီးတီး တိုက်စစ်သမား ဒိုကူ ဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကိုယ်တိုင် သူ ခေါ်ခဲ့တဲ့ ကစားသမားရဲ့ အစွမ်းကို ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရတာပါ။ ပြီးခဲ့တဲ့ နွေတုန်းက မာရက်ဇ်နဲ့ ကိုးလ်ပါးမား ထွက်ခွာသွားတာကြောင့် အစားထိုးဖို့ ဒိုကူအား ပေါင် ၅၅ သန်းနဲ့သာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဒိုကူ ဟာ တဖြည်းဖြည်းနဲ့ မန်စီးတီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပြီး ဘောလုံးပရိသတ်တွေကိုလည်း အံ့အားသင့် စောင့်ကြည့်လာစေခဲ့ပြီ ဖြစ်ပါတယ်။
” သူက ကျွန်တော်တို့ အားလုံးကို အံ့အားသင့်စေခဲ့တာဗျ။ သူ လုပ်စရာ ရှိတာတွေ လုပ်တယ်။ ပွဲထဲက လှုပ်ရှားမှုတွေကိုလည်း ဖတ်နိုင်တယ်။ သူ့ ကွာလတီက ဧရိယာထဲမှာ ပိုစွမ်းတယ်။
ကျွန်တော်တို့က ဘောလုံးကို လိမ်ခေါက် သယ်ယူသွားဖို့ ကွာလတီတွေ အကြောင်း အမြဲ ပြောတယ်။ နေရာလွတ် သေးသေးလေးထဲမှာ ဒီလို လုပ်နိုင်တဲ့ ကစားသမား ရှာဖို့က ဒီခေတ်မှာ ခက်ပါတယ်။
အခု သူက ၅ မီတာလောက် အတွင်းမှာ ဟန်ချက်ကို ပြောင်းပြီး လုပ်ပြတာ မယုံနိုင်လောက်စရာပဲ။ မလုပ်နိုင်တဲ့ အချိန် ဆိုရင်လည်း သူက ဆုံးဖြတ်ချက်ကောင်းကို ချနိုင်တယ်။ ဒါကို ကျွန်တော် တကယ် အထင်ကြီးမိတာ။
သူ့အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ သူလည်း ဒီမှာ ပျော်ရွှင်နေတယ်လို့ ကျွန်တော်ထင်တယ်။ အသင်းမှာ နှစ်တွေ အများကြီး အများကြီး ရှိသွားနိုင်ပါတယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
ဒိုကူ ဟာ အခုထက် ပိုပြီး ကောင်းလာနိုင်သေးတယ် လို့လည်း ပက် ဂွာဒီယိုလာ က ဆိုခဲ့သေးပြီး ညာတောင်ပံထက် ဘယ်ခြမ်းမှာ ပိုပြီး တိုးတက်အောင် လုပ်နိုင်စရာတွေ ရှိသေးတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။