မန်စီးတီး ဂိုးပြတ်နိုင်ခဲ့ပေမယ့် သွားဆေးခန်းကို ဘွတ်ကင်ထားလိုက်ရတဲ့ ဂျူလီယန် အယ်ဗာရက်ဇ်
ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲက မန်စီးတီး အတွက် သက်တောင့်သက်သာ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့တဲ့ ပုံမှန် ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ စီးတီး တိုက်စစ်မှုး ဂျူလီယန် အယ်ဗာရက်ဇ်ကတော့ ယနေ့ တနင်္လာနေ့မှာ သွားဆေးခန်းအရေးပေါ် ပြသဖို့ ဘွတ်ကင်ယူထားပြီး ဖြစ်ပါလိမ့်မယ်။
မန်စီးတီးဟာ စနေနေ့တုန်းက အီတီဟတ်ကွင်းတွင် ဘုန်းမောက်ကို ၆-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ယင်းပွဲမှာ အာဂျင်တီးနား တိုက်စစ်သမား အယ်ဗာရက်ဇ်ဟာ အောင်ပွဲခံနေရင်း သွားတစ်ချောင်း ဆုံးရှုံးခဲ့ရပါတယ်။
ရေးဗားပလိတ်စတားဟောင်းဟာ သွားတစ်ချောင်းကျိုးသွားကြောင်း သိမနေခဲ့ဘဲ ကစားဖော်ဘာနာဒိုဆေးလ်ဗားက သတိပေးတော့မှ သိရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အယ်ဗာရက်ဇ်ဟာ သူ့ သွားတစ်ချောင်းကျိုးနေတာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေမှာတော့ မဟုတ်ပါဘူး။ မန်စီးတီးဟာ ယင်းနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းလာပါတယ်။
