ပရီးမီးယားလိဂ်နဲ့ VAR အရှုပ်ထုပ်ထဲ ဝင်မပါချင်တော့ဘဲ ဆင်ဝှေ့ရန်ရှောင် ပြောလာတဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာက နယူးကာဆယ်နဲ့ ပွဲက ဆုံးဖြတ်ချက်ကြောင့် အာဆင်နယ်နဲ့ နည်းပြ အာတီတာ တို့ရဲ့ စောဒကတက် ဝေဖန်မှုတွေ ခံယူရပြန်တဲ့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့နဲ့ VAR ကိစ္စ အကြောင်း ချန်ပီယံလိဂ် ပွဲကြိုမှာ ထည့်သွင်း ဖြေကြားလာရပါတယ်။

ဂွာဒီယိုလာ ကလည်း အရင်တုန်းက ပရီးမီးယားလိဂ်က VAR ရဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး စိတ်ပျက်မှုကို ထုတ်ဖော် ပြောဆိုခဲ့ပေမယ့်လည်း ကမ္ဘာပေါ်က နေရာတိုင်းမှာလည်း ဒီအတိုင်းပဲ၊ ဘာမှ ကွာခြားမှုမရှိဘူးလို့ ခံစားနေရပါတယ်။

ယန်းဘွိုင်းစ်နဲ့ ဗုဒ္ဓဟူးနေ့ည ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ယခုအပတ် အငြင်းပွားဖွယ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက ခုလို ပြောဆိုခဲ့တာပါ။

“ VAR နဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာတွေက နိုင်ငံတိုင်းမှာ ရှိနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ပွဲအပြီးမှာ စိတ်ခံစားချက်တွေက အရမ်းကို မြင့်မားနေတယ်။ အဲဒါကို ကိုင်တွယ်ဖို့ ခက်ခဲပါတယ်။

ဒါက ကျွန်တော့်အကြောင်း ကျွန်တော် ပြောနေတာပါ။ မီခေးလ် အာတီတာအကြောင်းမဟုတ်သလို တခြားနည်းပြတွေ အကြောင်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ စတုတ္ထဒိုင်ကို စကားပြောလို့ မရဘူး။ ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး။ ပြီးခဲ့တဲ့ရာသီကနဲ့ များများစားစား အပြောင်းအလဲ မရှိပါဘူး။”

VAR ရဲ့ အခြေအနေက ပိုပြီး ဆိုးရွားလာလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော် မသိဘူး။ အဲဒါက အခု ထိရှလွယ်တဲ့ ကိစ္စဖြစ်နေတယ်။ ပွဲစဉ်တွေ တော်တော်များများမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေအတွက်ရော ကျွန်တော်တို့ အတွက်ပါ အဲဒါက ခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။