ယန်းဘွိုင်း အသင်းခေါင်းဆောင်ရဲ့ တောင်းဆိုမှုအား မင်း အဲ့လိုလုပ်လို့ မရဘူးလေ ဆိုကာ ဂျာစီ ချွတ်ပေးခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးအသင်းဟာ မနေ့ညက အီတီဟက်မှာ ယန်းဘွိုင်းစ် ကို ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ဧည့်ခံ ကစားခဲ့ပြီး ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-ဝ နဲ့ အနိုင်ရကာ စောစောစီးစီးပဲ ရှုံးထွက် အဆင့်သို့ တက်ရောက်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင်မှာ ဟာလန်းတစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာဘူးလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ သို့ပေမယ့် ပွဲထွက်ကနေ ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ အသင်းအတွက် နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။
ဒီပွဲမှာ ထူးထူးခြားခြား ဖြစ်ရပ်အဖြစ် ပထမပိုင်း ၄၅ မိနစ် အပြီးမှာ ယန်းဘွိုင်း အသင်းခေါင်းဆောင်က ဟာလန်းနား ပြေးလိုက်လာပြီး ဂျာစီပေးဖို့ တောင်းခဲ့တာပါ။ ဟာလန်းက ‘မင်း ဒီလိုလုပ်လို့ မရဘူးလေ’ လို့ တုန့်ပြန်ခဲ့ပေမယ့် ဂျာစီတော့ ချွတ်ပေးခဲ့ပါတယ်။
ယန်းဘွိုင်း အသင်းခေါင်းဆောင်က ဒုတိယပိုင်းမှာ ဟာလန်း မပါလာမှာ ဒါမှမဟုတ် အသင်းဖော်တွေနဲ့အတူ ဂျာစီ လုရမှာကို စိတ်ပူတာကြောင့် အတင်း တောင်းခဲ့ပေမယ့် ပွဲမပြီးချိန် ဒီလိုလုပ်တာကို ဟာလန်းက စိတ်အနှောက်အယှက် ဖြစ်ခဲ့တာပါ။
ဒုတိယပိုင်း ပွဲကစားချိန် (၆၁) မိနစ်မှာတော့ နည်းပြ ဂွါဒီယိုလာက ဟာလန်းကို ကွင်းလယ်လူ ကဲလ်ဗင်ဖီးလစ်နဲ့ လူစားလဲပြီး အနားပေးခဲ့ပါတယ်။
မန်စီးတီး ပရိသတ်တွေကတော့ နောက်တစ်ကြိမ် ဘလွန်းဒီအောဆုကို အနိုင်ရဖို့ ရေပန်းစားနေတဲ့ ဟာလန်းကို အထင်ကြီး လေးစားတဲ့ ကစားသမားတွေ များပြားနေပြီလို့ ပြောနေကြပြီ ဖြစ်ပါတယ်။