စီးတီး ချန်ပီယံလိဂ် အုပ်စုတက်သွားပေမယ့် ဒဏ်ရာ ပြသနာတွေကြောင့် အပြည့်အဝ မပျော်နိုင် ဖြစ်နေရတဲ့ ပက်

မန်စီးတီးအသင်းဟာ မနေ့ညက ချန်ပီယံလိဂ် အိမ်ကွင်းပွဲမှာ ယန်းဘွိုင်းကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် သို့ တက်ရောက်ခွင့် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပွဲမှာ ဒဏ်ရာရသွားတဲ့ ဂျွန်စတုန်းဟာ ကာလတစ်ခုကြာ အနားယူရမယ့် ထိုးနှက်ချက်ကြီး ကြုံတွေ့ သွားရပါတယ်။ စတုန်းဟာ အချိန် အတေ်ာကြာ ဘောလုံး ကစားနိုင်ဦးမှာ မဟုတ်သေးဘူးလို့ နည်းပြဂွာဒီယိုလာက အတည်ပြု သွားပါတယ်။
ဒီပွဲမှာ အခန်ဂျီကလည်း နောက်ကျော ဒဏ်ရာကြောင့် ကွင်းထဲ မပါလာနိုင်တော့ဘဲ ပွဲမစခင် ဝေါ်ကာဖြင့် အစားထိုးခဲ့ရပါတယ်။ ဒဏ်ရာ ပြဿနာတွေ ရှိနေတဲ့ မန်စီးတီးဟာ ဒီအပတ်မှာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲ ရှိနေတာပါ။
‘ အခန်ဂျီက နောက်ကျောမှာ ပြဿနာ ရှိနေတယ်၊ အဲ့တာကြောင့် သူမပါနိုင်ခဲ့ဘူး။ ကံမကောင်းစွာဘဲ ဂျွန်စတုန်းလည်း မပါနိုင်တော့ပါဘူး။ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူ့ကို ဆုံးရှုံးရတာက ကျနော်တို့ အသင်းအတွက် ကြီးမားတဲ့ နစ်နာမှုပဲ ဖြစ်ပါတယ်။
ဂျွန်စတုန်းက ကျနော်တို့အတွက် အရေးကြီးတဲ့ ကစားသမားပါ၊ သူပြန်သက်သာလာနေပါတယ်။ ဘောလုံးရာသီက အရှည်ကြီးပါ မကြာခင် သူပြန်ကစားနိုင်မှာပါ ’ လို့ ဂွာဒီယိုလာက ဆိုခဲ့တာ ဖြစ်တယ်။
ဂျွန်စတုန်းကို ကာလတစ်ခုကြာ လက်လွတ်ရနိုင်သလားလို့ မေးခံရချိန်မှာ ဂွာဒီယိုလာက
‘ ကျနော်လည်း အဲ့လိုပဲထင်တယ်။ ကြွက်သားဒဏ်ရာ ဖြစ်တာမို့ သူ ကာလတစ်ခုတော့ နားရပါမယ်။ အဲ့တာက စိတ်ပျက်စရာပဲ၊ ကျနော်တို့အတွက်တော့ သတင်းဆိုးပါ ’ လို့ ဖြေပေးခဲ့တာ ဖြစ်ပါတယ်။
အခန်ဂျီရဲ့ နောက်ကျော ဒဏ်ရာကိုလည်း ဂွာဒီယိုလာကပဲ ‘ အဲ့ဒဏ်ရာ ပေါ်တာနဲ့ သူက အသက် ၇၅ နှစ် အရွယ်လောက်ကို ဖြစ်သွားရော၊ သူ မကစားနိုင်တော့ဘူး။ ဒါပေမယ့် ပြဿနာကြီး မဟုတ်ဘဲ စနေနေ့ပွဲမှာ ပါနိုင်မှာပါ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။