ဒီရာသီ မန်စီးတီး ဥရောပ ချန်ပီယံ မဖြစ်အောင် ရပ်တန့်နိုင်မယ့် အသင်း ၂ သင်းပဲ ရှိကြောင်း ဖာဒီနန် ဖော်ထုတ်လာ

ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ၂ ရာသီဆက် အောင်မြင်ဖို့ရာ ရေပန်းစားနေတဲ့ မန်စီးတီးအသင်းအား ရပ်တန့်နိုင်မယ့် ဥရောပကလပ် ၂ သင်းပဲ ရှိတယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ရှုံးထွက်အဆင့်ထံ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် အစစ အရာရာမှာ ပြည့်စုံနေပြီး ပြိုင်ဘက်တိုင်းရဲ့ အိပ်မက်ဆိုးဖြစ်နေတာပါ။

မန်စီးတီးကို ဘယ်အသင်းတွေက ရပ်တန့်နိုင်မလဲလို့ ဆွေးနွေးရာမှာ ဖာဒီနန်က ခုလို ပြောဆိုခဲ့ပါတယ်။

“ ရီးရဲလ်မက်ရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ သိပ်ကောင်းတဲ့ ပတ်သက် ဆက်နွယ်မှုရှိတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သူတို့အသင်းမှာ အမြင့်ဆုံး ပုံစံကောင်းတွေ ရနေတဲ့ ဘယ်လင်ဟမ်နဲ့ ကစားသမားကောင်း အချို့ ရှိပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်ဆိုရင် သူတို့ကိုလည်း ထည့်ရမှာပါ။

ဘိုင်ယန်မြူးနစ်ကလည်း တိုက်စစ်ပိုင်း သိပ်ကောင်းပြီး ဒီပြိုင်ပွဲမှာ ဘယ်လို ပြိုင်ဘက်ကို မဆို ဒုက္ခပေးနိုင်မယ့် အသင်းတစ်သင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဟယ်ရီကိန်းလို သိပ်ကို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်သမားလည်း ရှိနေပါတယ်။

အခြား ဘယ်အသင်းကမှ အင်ပြည့်အားပြည့် မရှိပါဘူး၊ သူတို့အားလုံး အညးနည်းချက်တွေ ရှိပါတယ်။ မန်စီးတီး ကတော့ ပြည့်စုံနေတဲ့ အသင်းဖြစ်ပြီး အသင်းတိုင်းအတွက် ပြဿနာဖြစ်ပါတယ်။ ” လို့ သုံးသပ်သွားပါတယ်။

လက်ရှိမှာလည်း မန်စီးတီးဟာ မနေ့ညက ယန်းဘွိုင်းစ်ကို အနိုင်ကန် အပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်တာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။