ချယ်ဆီးမှာ ဦးစားပေး နေရာ ရနေတဲ့ စီးတီး အကယ်ဒမီ ကြယ်ပွင့်ဟောင်း ကိုးလ်ပါလ်မာနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာ မှတ်ချက်ပြုလာ

မန်စီးတီး အသင်းဟာ နွေရာသီတုန်းက ဈေးကွက် ပိတ်သိမ်းခါနီးမှာ အကယ်ဒမီထွက် အင်္ဂလန် ယူ၂၁ တိုက်စစ် ကြယ်ပွင့် ကိုးလ် ပါလ်မာကို ချယ်ဆီး အသင်းသို့ ပေါင်သန်း ၄၀နဲ့ ရောင်းချခဲ့ပါတယ်။

ပါလ်မာဟာ စီးတီး အတွက် ကွန်မြူနတီဒိုင်းနဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲတွေ ဂိုးသွင်းပေးနိုင်ခဲ့သူပါ။ ချယ်ဆီး ကို စတင် အခြေချတဲ့ အခါမှာလည်း ရက်သတ္တပတ် အနည်းငယ် အတွင်း ပါလ်မာဟာ ခြင်္သေ့ပြာတို့ရဲ့ အဓိက တိုက်စစ် ကစားသမား တဦး အဖြစ် ရပ်တည်လာနိုင်တာကို တွေ့ရပါတယ်။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ဘာကြောင့် ကိုးလ်ပါလ်မာကို ရောင်းချခဲ့လဲ ဆိုတာ အခုလိုပဲ ပြောဆိုလာပါတယ်။

ဂွာဒီယိုလာ က ” ကျွန်တော် အမှန်တကယ် ကျေနပ်မိပါတယ်။ ဘာကြောင့် သူ့ကို ရောင်းခဲ့တာလဲ ? သူ ပွဲကစားချိန် ပို လိုချင်ခဲ့တာပါ။ သူ အဲဒီမှာ လိုချင်တဲ့ ပွဲကစားချိန်တွေ ရနေပါပြီ။ ဒီတော့ ဂုဏ်ပြုပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ အကယ်ဒမီကနေ ထွန်းပေါက်လာတဲ့ ကစားသမား တဦးပါ။

အခုဆို သူ အောင်မြင်မှုတွေ ရနေပါပြီ။ ဒါက သူ့အတွက် ကောင်းပါတယ်။ ရှေ့ဆက် အကောင်းဆုံး ဖြစ်ပါစေ လို့လည်း ဆုတောင်းပေးပါတယ်။ ချယ်ဆီး နဲ့ သူ့အတွက် ဂုဏ်ပြုပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ပါလ်မာဟာ မော်ရစ်စီယို ပိုချက်တီနိုရဲ့ ပွဲထွက် ၁၁ယောက် စာရင်းကနေ ချန်လှပ်လို့ မရတဲ့အထိ အရေးပါလာပြီ ဖြစ်ပါတယ်။ ပထမ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ ဖြစ်လာတဲ့ ပါလ်မာဟာ ချယ်ဆီး အတွက် ပင်နယ်တီ ၃ဂိုး သွင်းယူထားသလို ၊ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

မနက်ဖြန်ညမှာတော့ ၎င်းဟာ အသင်းဟောင်း မန်စီးတီးကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပါလ်မာ နည်းတူ တောင်ပံကစားသမား ရာဟင်း စတာလင်ဟာလည်း အသင်းဟောင်း စီးတီးနဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိပါတယ်။