အပြန်လှန် ဂိုးမြူးခဲ့ကြပြီး မန်စီးတီးတို့ နိုင်ခါနီးမှ ဒီယာ့ဇ် မိုက်မဲမှုကြောင့် ချယ်ဆီးကို တစ်မှတ် ခွဲပေးလိုက်ရတဲ့ စတန်းဖို့ဘရစ်ချ်က ၄-၄ သရေပွဲ

တနင်္ဂနွေနေ့ည စတန်းဖိုဒ့်ဘရစ်ချ်မှာ ကန်တဲ့ ချယ်ဆီးနဲ့ မန်စီးတီး တို့ ပွဲစဉ်ကတော့ အကြိတ်အနယ် ပွဲကြီးပွဲကောင်း ဖြစ်ခဲ့ပြီ သွင်းဂိုး အများအပြားနဲ့အတူ ၄-၄ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒီရာသီ သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရတဲ့ ချယ်ဆီးအသင်းဟာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ဒီလောက် အထိ ယှဉ်ကစားနိုင်မယ် လို့ မထင်ခဲ့ရဘဲ အိမ်ကွင်း ပရိသတ် ရှေ့မှာ အားကုန်ထုတ် ယှဉ်ဖိုက်သွားခဲ့တာကြောင့် မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ ပွဲကောင်းဖြစ်ခဲ့ပါတယ်။

ဒီပွဲရဲ့ အဖွင့်ဂိုးကို မန်စီးတီးက စတင်ရခဲ့တာ ဖြစ်ပြီး တိုက်စစ်မှုး ဟာလန်းက ပင်နယ်တီကနေ တဆင့် သွင်းယူခဲ့တာပါ။ ဟာလန်း သွင်းပြီး ၄ မိနစ် အကြာမှာပဲ သီယေဂို ဆေးလ်ဗားက ချယ်ဆီးအတွက် ပြန် ချေပခဲ့တာကြောင့် ပွဲက မြိုင်ဆိုင် အသက်ဝင်လာခဲ့ပါတယ်။

အဲဒီနောက် စတာလင်က တစ်ဂိုး ထပ်သွင်းခဲ့သလို အကန်ဂျီကလည်း ပြန် ချေပခဲ့တာကြောင့် ပထမပိုင်း အပြီးမှာတည်းက ၂-၂ သရေ ရလဒ် ထွက်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဟာလန်းက ထပ်သွင်းခဲ့သလို ချယ်ဆီးဘက်ကလည်း ဂျက်ဆန်က သွင်းခဲ့ကာ ပွဲချိန် ၈၆ မိနစ်မှာ ရိုဒရီ က ဦးဆောင်ဂိုး ထပ်သွင်းခဲ့တာကြောင့် မန်စီးတီးတို့ ၄-၃ နဲ့ အနိုင်ပိုင်းနိုင်ခဲ့မယ် ထင်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲပြီးခါနီး နာကျင် အချိန်ပို ၉၅ မိနစ်မှာမှ ချယ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး မန်စီးတီး ကစားသမားဟောင်းလည်း ဖြစ်တဲ့ ကိုးလ် ပါးမားက တည်တည်ငြိမ်ငြိမ်ပဲ ဂိုးသွင်းသွားတာကြောင့် ၄-၄ ရလဒ် ပြန် ဖြစ်သွားခဲ့ရတာပါ။

ချယ်ဆီးဟာ ခံစစ်ပိတ်ကစားတဲ့ အသင်းတွေကို ရင်ဆိုင်ကစားတတ်ခြင်း မရှိပေမယ့် တိုက်စစ်ဖွင့်ကစားတဲ့ အသင်းတွေကိုတော့ ကောင်းကောင်းကြီး အံတုနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုကလည်း နည်းစနစ်ပိုင်းမှာ တော်တော်လေး ကောင်းမွန်မှုရှိတာကို ဒီပွဲမှာ မြင်ခဲ့ရပါတယ်။

မန်စီးတီးကလည်း နောက်ဆုံး ၅ ရာသီမှာ ၄ ရာသီ ချန်ပီယံ ဖြစ်ထားတဲ့ သမ္ဘာနဲ့ တည်ငြိမ်မှုကို သက်သေပြခဲ့ပါတယ်။ ခပ်မြန်မြန် ဂိုးတွေပေးရသလို ဦးဆောင်ခွင့်တွေ အကြိမ်ကြိမ် ဆုံးရှုံးခဲ့ပေမယ့် တုန့်လှုပ်ခဲ့ခြင်း မရှိပါဘူး။

စီးတီး ကစားသမားတွေဟာ ချန်ပီယံပါးဝနေကြတာမို့ ပွဲမပြီးသ၍ ရလဒ်ကို ပြောင်းလဲနိုင်စွမ်း ရှိတာကို ဒီပွဲမှာ ပြသ ခဲ့ပါတယ်။ စီးတီးတို့ သွင်းဂိုး တစ်ဂိုး ရဖို့ဟာ အခိုက်အတန့်ကောင်း တစ်ခု၊ ရွေ့လျားမှုကောင်း အနည်းငယ်ပဲ လိုအပ်ပြီး ချိန်သားကိုက်တဲ့ အခွင့်အရေး အသုံးချမှုတွေ လုပ်ပြနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး ဒီယာ့ဇ် ရဲ့ မိုက်မဲလှတဲ့ အဝင်ကြမ်းမှုကြောင့် မဟုတ်ခဲ့ရင် စီးတီးက အနိုင် ၃ မှတ် အပြည့် ရခဲ့မှာပါ။ စီးတီး ခံစစ်ဟာ ဒီပွဲမှာ ချယ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်စွမ်း အားနည်းခဲ့ပါတယ်။

ဒီပွဲအပြီးမှာ မန်ချက်စတာ စီးတီးဟာ ဒုတိယနဲ့ တတိယနေရာတွေက လီဗာပူးနဲ့ အာဆင်နယ်တို့ကို ၁ မှတ် အကွာ နဲ့ ဦးဆောင်ကာ အမှတ်ပေး ဇယားထိပ် အဆင့် ၁ နေရာမှာ ဆက် ရှိနေပါတယ်။