ဒိုကူ ကို ၂ပွဲဆက်တိုက် ပွဲထွက်စာရင်းမှာ ထည့်ခဲ့ပြီး ဂရီးလစ်ချ် ကို ချန်ထားတာ အတွက် ရှင်းပြလာတဲ့ ပက် ဂွါဒီယိုလာ

ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပွဲမှာ ဂျက်ဂရီးလစ်ရှ်အစား ဒိုကူကို ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက သူ့ရဲ့ပင်ကိုယ်သိစိတ်အပေါ် ယုံကြည်မှုရှိခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

မန်စီးတီးက ဘုန်းမောက်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်း၊ လေးကြိမ်ဂိုးဖန်တီးပေးခဲ့တဲ့ ဒိုကူက ပက်ဂွါဒီယိုလာရဲ့ ယုံကြည်မှုကို သိမ်းပိုက်နိုင်ခဲ့ပြီး စတမ်းဖို့ဘရစ်ချ်မှာကစားမယ့် ပွဲစဉ်အတွက်လည်း ဂရီးလစ်ရှ်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် နှစ်ပွဲဆက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ဘယ်တောင်ပံနေရာအတွက် ဂရီးလစ်ရှ်ထက် ဒိုကူကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတဲ့ မေးမြန်းလာမှုကို ပက်ဂွါဒီယိုလာက

“ အဲဒီနေ့မနက် အိပ်ရာနိုးနိုးချင်းမှာပဲ ဒိုကူအတွက် ပွဲထွက်ခွင့်ပေးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါက အမှန်တရားပါ။ တခါတရံ ကျွန်တော်က အပြင်မှာလည်း ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဒိုကူနဲ့ ဘာနာဒိုဆေးလ်ဗားတို့အပေါ် အားထားယုံကြည်ပါတယ်။

သူတို့တွေ ကျွန်တော့်အပေါ် ပေးဆပ်ခဲ့တာတွေ (သို့မဟုတ်) နှစ်ပေါင်းများစွာကြာ အသင်းအတွက် ပေးဆပ်ခဲ့တဲ့ အရာတွေ အတွက် ကျွန်တော် ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး။ ဒိုကူက ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာဆိုရင် တကယ့်ကို ထူးရှယ်ပါပဲ။

သူက လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုအဆင့်အတန်းမျိုးမှာ သူဘယ်လိုပြုမူမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဒိုကူက ဒါမျိုးစွမ်းဆောင်ရည်ကို လုပ်ပြခဲ့ပြီးပါပြီ။ အခြားအချိန်တွေမှာလည်း တကယ်ကို ကောင်းမွန်အောင် ကစားခဲ့ပါတယ် ” လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ရန်းနက်စ်မှ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းဖြင့် ရောက်ရှိလာတဲ့ ဒိုကူက လက်ရှိမန်စီးတီးအသင်းမှာ ထင်ရှားတဲ့တိုးတက်မှုတွေကို ပြသထားနိုင်ခဲ့ပါတယ်။

သူ့ရဲ့လျှင်မြန်မှုနဲ့ ဘောလုံးစွမ်းရည်တွေက အင်္ဂလန်ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ် ကစားသမားတွေ အနက် တစ်ဦးအဖြစ် စောင့်ကြည့်ချင်စရာ ဖြစ်ခဲ့ပြီး ပက်ဂွါဒီယိုလာရဲ့ တိုက်စစ်ပိုင်းအတွက် မတူညီတဲ့ ရွေးချယ်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ဂျက် ဂရီးလစ်ရှ် ကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်စီးတီးရဲ့ ဖလားသုံးလုံး ချန်ပီယံ လမ်းကြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍ အတွင်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။