ကိုယ့်ပြိုင်ဘက်တွေကို အားကောင်းလာစေတဲ့ မန်စီးတီးရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာ

ဂွာဒီယိုလာက ပြိုင်ဘက်အသင်းတွေထံ ကစားသမား ရောင်းချပေးနေတာက သူတို့အတွက် ပြဿနာ မဟုတ်ပါဘူးလို့ ပြောဆိုနေပေမယ့် ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။
မနှစ်တုန်းက ဂျေးဆု၊ ဇင်ချန်ကိုနဲ့ စတာလင်တို့ကို ရောင်းချခဲ့တဲ့ မန်စီးတီးဟာ ဒီနွေမှာလည်း ပါလ်မာကို ချယ်ဆီးထံ ရောင်းချခဲ့ပါတယ်။ ဒါတွေဟာ ပြိုင်ဘက် အသင်းတွေကို ပိုပြီး အင်အားတောင့်တင်းလာနေစေတာပါ။
ပါလ်မာကို ရောင်းချမှုနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက ‘ မာရက်ဇ် ထွက်မယ် ပြောတဲ့အချိန်မှာ ပါလ်မာကို ပွဲကစားခွင့် ပိုရလာမယ်လို့ အသိပေးပေမယ့်လို့ သူက ဆက်မနေချင်တော့ဘူး။ အချို့ကလပ်တွေက သူတို့ ကစားသမားတွေကို ပြိုင်ဘက်တွေထံ ရောင်းမထုတ်လိုပါဘူး။
မန်စီးတီးဆိုတာ အဲ့လိုမဟုတ်ဘူး။ ဒါကြောင့် ချယ်ဆီးထံက ပြောင်းရွှေ့ကြေးကို ပျော်ပျော်ကြီး လက်ခံခဲ့တာပေါ့။ ဒီလို အပြောင်းအရွှေ့တွေကို ကျနော်တို့ ရပ်မှာ မဟုတ်ပါဘူး။ သူတို့နေရာ အခြားသော ကစားသမားတွေကို ခေါ်ယူပြီး စိတ်ဓါတ်ကောင်းတွေဖြင့် ရှေ့ဆက်သွားမှာပါ ‘ လို့ ပြောဆိုသွားတာပါ။
ဒေးလီးမေလ်းရဲ့ သုံးသပ်သူ တစ်ဦးဖြစ်တဲ့ Ladyman ကတော့ ကိုယ့်အသင်းရဲ့ ကစားသမားတွေကို ပြိုင်ဘက်တွေထံ ချရောင်းပေးနေတဲ့ မန်စီးတီးရဲ့ လုပ်ရပ်က နုံချာလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
‘ သောကြာနေ့တုန်းက အသင်းငယ်တွေလောက်ပဲ သူတို့ရဲ့ ကစားသမားကို ပြိုင်ဘက်ထံ ရောင်းချဖို့ ငြင်းဆန်တာပါလို့ ဂွာဒီယိုလာက ပြောခဲ့တယ်။ ကျနော်ကတော့ ကိုယ့်ရဲ့ ကစားသမားတွေကို ပြိုင်ဘက်ထံ ရောင်းပေးနေတာဟာ ခပ်နုံနုံလုပ်ရပ်လို့ပဲ မြင်တယ်။
အသင်းငယ်တွေကပဲ ပြိုင်ဘက်အသင်းထံ ကစားသမား မရောင်းလိုတာဆိုတာ ဘာကို ဆိုလိုတာလဲ?
ဂွာဒီယိုလာက သူပြောချင်တာ ပြောမှာပေါ့။ ဒီနှစ်တွေထဲမှာ သူတို့က သူတို့အတွက် ကစားပေးဖို့ ကမ္ဘာတစ်လွှားက အကောင်းဆုံး ကစားသမားတွေကို ခေါ်နေတာပဲလေ ‘ လို့ Ladyman မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။